Chiang Mai FYI
Updates and events around Chiang Mai CNX and Thailand
22/09/2026
စက်တင်ဘာ ၂၁ ရက် နေ့လယ်မှာ မယ်ဟောင်ဆောင်ခရိုင်၊ မယ့်ဆရင်း (Mae Sariang) မြို့နယ်၊ Ban Pamolaw ကျေးရွာမှာ သတင်းပေးတိုင်ကြားသူရှိလို့ ထိုင်းအာဏာပိုင်တွေက ဝင်စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းတစ်ဦးက နေစရာပေးထားတယ်ဆိုတာကြောင့် အာဏာပိုင်တွေက နေရာ ၂ ခုကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၆ ဦး (ကျား ၃ ဦး၊ မ ၃ ဦး) ကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၂၃ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကိုလည်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖုံးကွယ်ပေးခြင်း၊ နေစရာပေးခြင်း၊ အားပေးကူညီခြင်းစတဲ့ ပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။
အားလုံးကို ရဲစခန်းထံ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက်အရေးယူနေသလို အစိုးရပိုင်မြေတွေကို ဘယ်လိုအသုံးပြုနေကြသလဲဆိုတာကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
#ချင်းမိုင် #ထိုင်း #မယ်ဟောင်ဆောင်
22/09/2026
ဒီနေ့ ချင်းမိုင်၊ နောင်ဟွိုင်မှာ ဒီလို သုံးဘီးလေးတွေကို လမ်းမပေါ်မှာ “နိုင်ငံခြားသား” တွေ စီးနေလို့ ထိုင်းတွေကြားမှာ အပြင်းအထန် ဝေဖန်နေကြပါတယ်။ ဒီအကြောင်းကို ဒေသခံတစ်ဦးက ဓာတ်ပုံနဲ့တကွ ထိုင်းသတင်းတွေဆီကို တိုင်ကြားထားပါတယ်။
တိုင်ကြားသူရဲ့ ပြောကြားချက်အရ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အဲဒီသုံးဘီးက သူ့ရှေ့ကို ရုတ်တရက် လမ်းကြောင်းပြောင်းဝင်လာတာကြောင့် ဘရိတ်အမြန်အုပ်ခဲ့ရပြီး တိုက်မိလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သုံးဘီးမှာ လိုင်စင်နံပါတ်ပြားမတွေ့ရသလို၊ ကွေ့တဲ့အချိန်မှာလည်း စစ်ဂနယ် မပြခဲ့ပါဘူးတဲ့။ သုံးဘီးမောင်းသူရော၊ နောက်က ထိုင်လိုက်လာသူကပါ “နိုင်ငံခြားသား” တွေလို့ သူက ဆိုပါတယ်။
ဒေသခံတွေကြားမှာတော့ ဒီကိစ္စကို အပြင်းအထန်ဝေဖန်နေကြပြီး၊ အထူးသဖြင့် နိုင်ငံခြားသားတွေက လမ်းမကြီးပေါ် အခုလိုယာဉ်တွေ တက်မောင်းတာကို ရှုံ့ချနေကြပါတယ်။ ဒါက စီးနင်းသူအတွက်ရော၊ လမ်းပေါ်က အခြားယာဉ်တွေအတွက်ပါ အန္တရာယ် များလွန်းတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီလိုယာဉ်တွေကို လမ်းမပေါ်မှာ မောင်းနှင်ခွင့်ရှိ၊ မရှိ၊ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို စစ်ဆေးပြီး စနစ်တကျ ထိန်းချုပ်ပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။
(တကယ်တော့ ဒီလို သုံးဘီးလေးတွေဟာ ရပ်ကွက်၊ ရွာ၊ ဆွိုင်လမ်းလေးတွေထဲမှာ စီးရင်သာ နားလည်မှုနဲ့ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ လမ်းမပေါ် တက်မောင်းဖို့အတွက်က သက်ဆိုင်ရာ ယာဉ်လိုင်စင်နံပါတ် မဖြစ်မနေရှိရမှာပါ။)
#ချင်းမိုင် #ထိုင်း
22/09/2026
ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ နေဝင်ပြီးစအချိန်ကနေ ည ၇ နာရီ ၄၀ ဝန်းကျင်အထိ သောကြာဂြိုဟ် (ဗီးနပ်စ်) ကို ထင်ထင်ရှားရှား တောက်တောက်ပပ မြင်ရဖို့ရှိပါတယ်။
ကြယ်ကြည့်မှန်ပြောင်း တယ်လီစကုပ်တွေနဲ့ အနီးကပ်ကြည့်လိုက်ရင်တော့ ဒီနေ့ညမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) ကို လနဲ့ အသွင်သဏ္ဍာန်တူတဲ့ လခြမ်းကွေးလေးလိုမျိုး မြင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီညနေ အချိန်ရရင် မော့ကြည့်လိုက်ပါဦး။
#ချင်းမိုင် #ထိုင်း
22/09/2026
စက်တင်ဘာ ၁၃ ရက်နေ့က ဒွိုင်အင်သနွန်မှာ ခရီးသွား ၁၀ ယောက်ခန့်ပါတဲ့အဖွဲ့က သူတို့ရဲ့ ရှားပါး ရေညှိပင်တွေပေါ်ကို တက်နင်းမိခဲ့လို့ တရားခံတွေကို ရှာဖွေနေတယ်ဆိုပြီး ထိုင်းသတင်းတွေမှာ တက်လာခဲ့တာပါ။ တစ်ပတ်အကြာမှာတော့ အဲဒါက မြန်မာအဖွဲ့ဖြစ်နေကြောင်း ထိုင်းသတင်းတွေက ဖော်ပြလာကြပါပြီ။
မြန်မာခရီးသွား ၂ ဦးဟာ ဒွိုင်အင်သနွန်ရှိ Ang Ka သဘာဝလမ်းလျှောက်လမ်းကြောင်းပေါ်က တံတားကနေ သတ်မှတ်ထားတဲ့ နယ်နိမိတ်ထဲကနေ ၃ မီတာခန့်ကျော်သွားပြီး Khao Tok Rusi အပင်တွေရှိတဲ့နေရာမှာ Pre-wedding ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာပါ။ ဒီဖြစ်စဉ်ကို အခြားခရီးသွားတစ်ဦးက ဓာတ်ပုံရိုက်ပြီး Social Media ပေါ်တင်ခဲ့ရာကနေ အာဏာပိုင်တွေ သိရှိခဲ့တာဖြစ်ပါတယ်။
အာဏာပိုင်တွေ သွားစစ်ဆေးကြည့်ရာမှာ အပင်တွေပေါ် နင်းမိထားတဲ့ ခြေရာတွေနဲ့ ပျက်စီးမှုတွေကို နေရာအတော်များများမှာ တွေ့ရှိခဲ့ပါတယ်။ ဒီ Khao Tok Rusi အပင်တွေဟာ ဒွိုင်အင်သနွန်တောင်ရဲ့ အမြင့်ပိုင်း စိုစွတ်မြေဧရိယာမှာ တွေ့ရတဲ့ ရှားပါးသဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး အဲဒီဒေသဟာ တစ်နှစ်ပတ်လုံး အေးမြစိုစွတ်နေတဲ့ ရေဝေရေလဲသစ်တောစနစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
သစ်တောဌာနက ဓာတ်ပုံနဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး မြန်မာခရီးသွား ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့သလို ရဲတပ်ဖွဲ့ထံလည်း တိုင်ကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာတော့ ဒီမြန်မာစုံတွဲရဲ့ ကိုယ်စားလှယ်က ဒွိုင်အင်သနွန် အမျိုးသားဥယျာဉ်ရုံးကို လာရောက်ပြီး စွဲချက်ကို လက်ခံကာ ဘတ် ၁၀,၀၀၀ ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။
သစ်တောအာဏာပိုင်တွေကတော့ ဒီလို ထိခိုက်လွယ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှုဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်ဖို့ ခက်ခဲပြီး အပင်တွေနဲ့ ဂေဟစနစ် ပြန်လည်ကောင်းမွန်နိုင်၊ မနိုင်ကလည်း အပူချိန်နဲ့ စိုထိုင်းဆအပါအဝင် အခြေအနေအမျိုးမျိုးပေါ် မူတည်တယ်လို့ ပြောပါတယ်။
#ချင်းမိုင် #ထိုင်း
22/09/2026
America’s Got Talent (AGT) 2026 ပွဲအတွက် ဖိုင်နယ်ပြိုင်ပွဲကို အမေရိကန်အချိန် အင်္ဂါနေ့ည/ ထိုင်းအချိန် ဗုဒ္ဓဟူးနေ့(မနက်ဖြန်) မနက်မှာ ပြသတော့မှာပါ။
ထိုင်းနိုင်ငံ၊ ဖူးခက်က အသက် ၁၆ နှစ်အရွယ် Nene Royal က Golden Buzzer ရထားပြီး ဖိုင်နယ်မှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါကြောင့် ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Ploytalay Laksameesangchan က Nene ကို အားလုံး အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အစိုးရက Nene အနိုင်ရရှိပြီး၊ ထိုင်းနိုင်ငံကို AGT Winner ဆု ယူလာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးမယ့် Soft power တစ်ခုပဲလို့ ယူဆထားကြပါတယ်။
#ချင်းမိုင် #ထိုင်း
22/09/2026
စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ချင်းမိုင် Tourist Police စက်ဘီးကင်းလှည့်အဖွဲ့က Wat Phra Singh အနီးမှာ နိုင်ငံခြားသားတစ်ဦး လဲနေတာကို တွေ့ခဲ့တာပါ။ စကားတွေ ဗလုံးဗထွေးပြောနေပြီး ညာဘက်လက်ကလည်း တဆတ်ဆတ်တုန်နေခဲ့ပါတယ်။ “မထနိုင်တော့ဘူး ဆရာရေ” ဆိုလို့ ကျန်းမာရေးပြဿနာထင်ပြီး အနားကပ်သွားတော့မှ အရက်နံ့က ထောင်းနေတာကို တွေ့ရပါတော့တယ်။
သူ့ဆီမှာ ပတ်စ်ပို့ မပါပေမယ့် အခန်းသော့နဲ့ ကိုယ်ရေးအထောက်အထားတွေတွေ့တာကြောင့် ရဲတွေက သူတည်းတဲ့ တည်းခိုခန်းကို စုံစမ်းရှာဖွေတွေ့ရှိခဲ့ပါတယ်။
တည်းခိုခန်း တာဝန်ရှိသူကလည်း အဲဒီခရီးသွားဟာ အရက်သောက်လေ့ရှိပြီး လက်တုန်တဲ့အခြေအနေမျိုး မကြာခဏဖြစ်တတ်တယ်လို့ ပြောပါတယ်။
နောက်ဆုံးမှာ တိုးရစ်ရဲနဲ့ ချင်းမိုင်မြို့ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဩဇီဘိုးတော်ကို ရဲကားနဲ့ တည်းခိုခန်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးခဲ့ပါတယ်။
#ချင်းမိုင် #ထိုင်း
21/09/2026
ချင်းမိုင်မှာ ဝယ်လာတဲ့ ဗီယက်နမ် ဝက်အူချောင်းကို လှီးလိုက်ရာ အထဲမှာ ပန်းကန်ဆေးတဲ့ အစိမ်းဖတ်နဲ့တူတဲ့ အရာတစ်ခု တွေ့ခဲ့ပါတယ်။
သူက သင်္ဘောသီးထောင်းထဲထည့်ဖို့ လှီးလိုက်ရာမှာ အခုလို တွေ့လိုက်လို့ အံ့ဩသွားတယ်ဆိုပြီး အွန်လိုင်းပေါ်တင်လိုက်တာပါ။ ဒီသတင်းက ဒီမနက်မှာ ချင်းမိုင်သားတွေအကြား လူပြောများနေကြပါတယ်။
အများစုကတော့ ရယ်စရာအဖြစ်မြင်ကြပြီး၊ အချို့ကတော့ အစားအသောက်ဘေးကင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လို့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ ပြောနေကြပါတယ်။
လက်ရှိမှာတော့ တွေ့ရှိတဲ့အရာက တကယ်ပဲ ပန်းကန်ဆေးအစိမ်းဖတ် ဟုတ်၊ မဟုတ်နဲ့ ဘယ်လိုနည်းနဲ့ အစားအသောက်ထဲ ရောက်သွားတယ်ဆိုတာ တရားဝင်အတည်ပြုချက် မရှိသေးဘဲ ထုတ်လုပ်သူနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ စစ်ဆေးမှုကို စောင့်ရဦးမှာ ဖြစ်ပါတယ်။
#ချင်းမိုင် #ထိုင်း
20/09/2026
ထိုင်းအစိုးရက နိုင်ငံခြားသားကလေးတွေ ထိုင်းနိုင်ငံသားအဖြစ် အထောက်အထားရယူနိုင်အောင် “နာမည်ခံဖခင်” အသုံးပြုတဲ့ လုပ်ငန်းစဉ်တွေကို တားဆီးဖို့ မွေးစာရင်းထောက်ခံချက်ထုတ်ပေးတဲ့ စနစ်ကို ပိုမိုတင်းကျပ်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ မွေးဖွားကြောင်းထောက်ခံစာ (ท.ร.1/1) ထုတ်ပေးရာမှာ လိုက်နာရမယ့် စည်းမျဉ်း ၄ ချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့ ညွှန်ကြားထားပါတယ်။
၁။ ဆေးရုံတွေအနေဖြင့် လုပ်ပေးခွင့်ပေးထားတာထက် မကျော်ရန်။ မိမိတို့ ဆေးရုံ/ဆေးခန်းမှာ အမှန်တကယ် လာမွေးတဲ့ ကလေးကိုသာ ထောက်ခံစာထုတ်ပေးရမှာဖြစ်ပြီး ကလေးမွေးဖွားခဲ့တဲ့ အချိန်၊ နေရာ၊ မွေးဖွားပုံ စတဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို မှတ်ထားရပါမယ်။ ဖခင်နဲ့ကလေးရဲ့ ဆက်နွယ်မှုအပေါ် သံသယရှိရင် အစိုးရအသိအမှတ်ပြု DNA စစ်ဆေးမှု ပြုလုပ်ခိုင်းရမှာ ဖြစ်ပါတယ်။
၂။ နောက်ကြောင်းပြန်စစ်ဖို့လိုပါက စစ်ဆေးနိုင်ဖို့ အချက်အလက် အသေးစိတ် မှတ်သားထားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန် ဆေးခန်းပြမှတ်တမ်း၊ လက်ထပ်မှုမှတ်တမ်းတို့ကို ထည့်သွင်းရပါမယ်။ အချက်အလက်တွေကိုလည်း အထောက်အထားကတ် မူရင်းကိုကြည့်ပြီးမှ ဖြည့်သွင်းရပါမယ်။ ဝန်ထမ်းတစ်ဦးတည်းက မွေးဖွားမှုဆိုင်ရာ အချက်အလက်အားလုံးကို စစ်ဆေး၊ မှတ်တမ်းတင်၊ လက်မှတ်ထိုးတာမျိုး မလုပ်ရဘဲ တာဝန်တွေကို ခွဲဝေပေးရမှာပါ။
၃။ ဆေးရုံမှာ မမွေးဖွားခဲ့တဲ့ ကလေးတွေအတွက်လည်း ท.ร.1/1 မွေးဖွားကြောင်းထောက်ခံစာ ထုတ်ပေးခွင့် မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ ဆေးရုံကနေ ခရီးလမ်းမှာ အရေးပေါ်မွေးဖွားပြီး ဆေးရုံဝန်ထမ်းက ကူညီခဲ့တဲ့ အထူးအခြေအနေတွေကိုတော့ ခြွင်းချက်အဖြစ် သတ်မှတ်ထားပါတယ်။
၄။ အာဏာပိုင်တွေကလည်း မိခင်ဖြစ်သူက ဖခင်ရဲ့ အခြေခံအချက်အလက်တွေ မသိတာ၊ ဖခင်က မိခင်ဆေးရုံတက်နေချိန် လုံးဝမလာတာ၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်တဲ့နေရာနဲ့ လက်ရှိနေထိုင်ရာ မကိုက်ညီတာ၊ မွေးဖွားပြီးမှ ဆေးမှတ်တမ်းထဲက ဖခင်နာမည်ကို ပြန်ပြောင်းဖို့ ကြိုးစားတာတွေ တွေ့ရင် ချက်ချင်းစစ်ဆေးဖို့လည်း ညွှန်ကြားထားပါတယ်။
အစိုးရကတော့ ဒီလို “အမည်ခံဖခင်” အသုံးပြုပြီး ထိုင်းနိုင်ငံသားအဖြစ် အခွင့်အရေးရယူဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တွေကို တားဆီးပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ပြောထားပါတယ်။
#ချင်းမိုင် #ထိုင်းမွေးစာရင်း
19/09/2026
မနေ့ညက ချင်းမိုင်မြို့လယ်က လောင်းကစားရုံကြီး ၂ ခုကို ဝင်စီးဖမ်းဆီးပြီးတဲ့နောက် Chang Phueak ရဲစခန်း ရဲမှူးကို ချင်းမိုင်ပြည်နယ်ရဲတပ်ဖွဲ့ စစ်ဆင်ရေးဗဟိုဌာနကို ဒီနေ့ချက်ချင်းပဲ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
လောင်းကစားရုံဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူအရေအတွက်က သတ်မှတ်အရေအတွက်ထက် ကျော်လွန်ခဲ့တာကြောင့် (အရမ်းများလွန်းတာကြောင့်) ကိုယ့်နယ်မြေကို သေချာမကိုင်တွယ်နိုင်ဘူးဆိုပြီး အခုလို ဌာနပြောင်းခံရတာ ဖြစ်ပါတယ်။ အဲဒီရဲမှူးဟာ အငြိမ်းစားယူဖို့ ရက်ပိုင်းအလိုမှာမှ အခုလို ပြောင်းရွှေ့ခံလိုက်ရတာဖြစ်ပါတယ်။
မနေ့က ဖမ်းတာက Chang Phueak မြို့နယ်မှာ တစ်ရုံ၊ Mueang Chiang Mai မြို့နယ်မှာ တစ်ရုံဖြစ်ပါတယ်။ ချင်းမိုင်မြို့တွင်း Muang Chiang Mai ရဲစခန်းမှူးကတော့ တရားခံ ၁၀ ယောက်ပဲ ဖမ်းမိခဲ့တာကြောင့် သိပ်မများလို့ ဌာနအပြောင်းမခံရပါဘူး။
တစ်ဖက်မှာလည်း မနေ့က စီးနင်းမှုအတွင်း လောင်းကစားရုံဝန်ထမ်းတစ်ဦးရဲ့ ဖုန်းကို စစ်ဆေးနေချိန်မှာ ဒေသတွင်း ဩဇာရှိတဲ့ စည်ပင်ကောင်စီဝင်တစ်ဦးရဲ့ ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ အဲဒီပုဂ္ဂိုလ် ဘယ်သူလဲဆိုတာကို ထုတ်ပြန်ခြင်းမရှိသေးဘဲ တကယ်ပတ်သက်မှုရှိ၊ မရှိကို သက်သေအထောက်အထားတွေနဲ့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ချင်းမိုင်မြို့တော်စည်ပင်ကောင်စီရဲ့ ဥက္ကဋ္ဌကတော့ အဲဒီပုဂ္ဂိုလ်က သူတို့ကောင်စီရဲ့ အဖွဲ့ဝင်မဟုတ်သလို ဘာမှ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ref- คนล้านนา
#ချင်းမိုင် #ထိုင်း
19/09/2026
ဒီနေ့မနက်ပိုင်းမှာ ချင်းမိုင်ခရိုင် Mae Wang မြို့နယ်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ တဟုန်ထိုး စီးဆင်းခဲ့ပါတယ်။
မနက် ၁၀ နာရီကျော်လောက်မှာတော့ တောင်ကျရေတွေနဲ့အတူ ဆင်တစ်ကောင် မျောပါသွားတာကို တွေ့လိုက်ရတာကြောင့် အားလုံး ပျာယာခပ်သွားကြပါတယ်။ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆင်ကယ်ဆယ်ရေးအဖွဲ့တွေက ဆင်လေးကို ရှာပြီး ကယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး၊ ချင်းမိုင်မြို့ခံတွေကလည်း ဆင်လေးအတွက် အထူးစိုးရိမ်ခဲ့ကြပါတယ်။
နေ့လယ်ပိုင်းမှာတော့ ဒီဆင််လေးကို သွားရောက်ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ ဆင်က Pang Aem လို့ခေါ်တဲ့ ဆင်မလေးဖြစ်ပြီး ရှေ့ခြေထောက်တစ်ချောင်း မသန်ပါဘူး။ တောင်ကျရေက အရှိန်ပြင်းပြီး ရေတက်နေတဲ့အချိန်မှာ Pang Aem ဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့တာပါ။
လက်ရှိမှာ ဆင်မလေးကို ခဏအနားပေးပြီး ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့် ထိတ်လန့်နေမှုကို ပြန်လည်သက်သာအောင် စောင့်ကြည့်ပေးနေပါတယ်။ အပြင်ပိုင်းဒဏ်ရာရရှိထားခြင်း ရှိ၊ မရှိနဲ့ ရေစီးနဲ့မျောပါခဲ့တာကြောင့် ခန္ဓာကိုယ်ထိခိုက်မှုရှိ၊ မရှိကိုလည်း အသေးစိတ် စစ်ဆေးနေပါတယ်။
#ချင်းမိုင် #ထိုင်း #ဆင်
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Old City
Chiang Mai