The Ultimate Yoga Studio

The Ultimate Yoga Studio

แชร์

The ULTIMATE ~ Universal Language and Thought for Imagination, Morality, Awareness, Transformation & Enlightenment.

20/08/2026

လူတိုင်းမှာ ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ အတိတ်မှတ်ဉာဏ်တွေ ရှိကြတယ် မဟုတ်လား။ တစ်ခါတလေ အဲဒီမှတ်ဉာဏ်တွေက ကိုယ့်ကို ပျော်ရွှင်စေသလို၊ တစ်ခါတလေကျတော့လည်း မမြင်ရတဲ့ ကြိုးတစ်ချောင်းလို ကိုယ့်ကို ရစ်ပတ်ထားတတ်ပါတယ်။

🍃 Sutra ရဲ့ အဆိုအရဆိုရင် မှတ်ဉာဏ်ဆိုတာ ကိုယ့်ရဲ့ စိတ်အလွှာထဲမှာ စွဲထင်နေပြီး ဘယ်လိုမှ ထွက်မသွားနိုင်တဲ့ အတိတ်က အတွေ့အကြုံတွေကို ခေါ်တာပေါ့နော်။တကယ်တော့ မှတ်ဉာဏ်ဆိုတာ ဘာအရောင်မှ မဆိုးထားတဲ့ အစစ်အမှန် စုစည်းမှုတွေပါ။ ဒါပေမဲ့ တကယ်တမ်း ကျွန်မတို့ရဲ့ မှတ်ဉာဏ်တွေဟာ အစစ်အမှန်တွေချည်းပဲ ဖြစ်ကြရဲ့လား။

"ဒီလိုဖြစ်ခဲ့တာမှ မဟုတ်တာ" လို့ သူများတွေနဲ့ ကိုယ်တွေ ဘယ်နှစ်ကြိမ်တောင် ငြင်းခုံခဲ့ဖူးကြလဲ။ ကိုယ့်ရဲ့ မသိစိတ်အလွှာလေးတွေကို သေသေချာချာ ပြန်ခွာကြည့်မယ်ဆိုရင်... ကျွန်မတို့ဟာ ဘာတွေတကယ်ဖြစ်ခဲ့လဲ ဆိုတာထက် ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်မြင်ချင်တဲ့ အရောင်တွေဆိုးထားတတ်ကြတာကို အံ့ဩဖွယ် တွေ့ရပါလိမ့်မယ်။

ဥပမာပြောရရင်— "ချစ်ခြင်းမေတ္တာ" လို့ ပြောလိုက်ရင် တစ်ဦးချင်းစီရဲ့ မြင်ပုံ၊ ခံစားပုံတွေမတူကြသလိုပေါ့။ ငယ်ငယ်က မိဘနှစ်ပါး အမြဲရန်ဖြစ်နေတာကို မြင်တွေ့ခဲ့ရတဲ့ ကလေးတစ်ယောက်အတွက်တော့ "ချစ်ခြင်းမေတ္တာ ဆိုတာ.. မလုံခြုံမှုတွေ .. အနိုင်အရှုံး အပေါ်အခြေခံတာတွေ… စတဲ့ အမြဲစိုးရိမ်ပူပန်မှုတွေကို ဆွဲငင်တာတွေ ကို သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ အရောင်ဆိုးထားမိတတ်ပါတယ်။

ဒီလို စိတ်ထဲမှာ အရောင်ဆိုးထားတဲ့ ပုံစံတွေကို ကျော်လွန်သွားတဲ့အခါ... စိတ်ဟာ ကြည်လင်နေတဲ့ ဖန်သားလေးတစ်ခုလို ရှင်းလင်းသွားပါလိမ့်မယ်။ အဲဒီလို ရှင်းလင်းသွားပြီဆိုရင်တော့ အရင်တုန်းကလို နာကျင်မှုတွေ ထပ်ခါထပ်ခါ သံသရာလည်နေတာမျိုးကို ကိုယ်တိုင်က ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အတိတ်က ကိုယ့်ကို မလွှမ်းမိုးနိုင်တော့ဘဲ ကိုယ့်သမိုင်းကို ကိုယ်တိုင် ပြန်ရေးနိုင်သွားပါလိမ့်မယ်။

လောကကြီးမှာ ရှင်သန်ရုန်းကန်နေရတဲ့ လူတိုင်းမှာ နာကျင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ စတဲ့ စိတ်ဒဏ်ရာလေးတွေ ရှိတတ်ကြပါတယ်။ အဲဒီ စိတ်ဒဏ်ရာတွေက ပျောက်သွားတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ် Tissue လေးတွေထဲမှာ သွားပြီး ပုန်းအောင်းနေတတ်တယ်။

Asana တွေ လေ့ကျင့်တဲ့အခါ ခန္ဓာကိုယ်ကို ဖြေလျှော့ရင်းနဲ့ အဲဒီထဲမှာ သိမ်းထားတဲ့ Memory တွေကို ပြန်တွေ့ရတတ်တယ်။ တစ်ခါတလေ ကိုယ်မေ့နေတဲ့ နာကျင်မှုတွေဟာ Posture လုပ်ရင်းနဲ့ အလင်းရောင်ထဲ ပြန်ရောက်လာသလိုမျိုး ခံစားရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ "ကိုယ့်ရဲ့ အစိတ်အပိုင်းတချို့က ဘယ်တော့မှ မေ့မထားလို့ပါပဲ။"

🤍 နှလုံးသားက ပြန်လည်သတိရလာတဲ့အခါ အကျင့်တရားတွေ၊ မိမိကိုယ်ကို လေ့လာခြင်းတွေ၊ တရားထိုင်ခြင်းတွေကနေတစ်ဆင့် ကိုယ့်ရဲ့သိစိတ်ဟာ အရမ်းကို ထက်မြက်လာပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ အလိုလိုသိစိတ်လေးဟာ ရှင်းလင်းလာပြီး၊ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေအပေါ်မှာပါ ကရုဏာမေတ္တာတွေ အလိုလို စီးဆင်းလာပါလိမ့်မယ်။

လူတိုင်းက တကယ်တော့ ကမ္ဘာကြီးကို အကျိုးပြုချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲက အကြွင်းအကျန် အညစ်အကြေးတွေကို မရှင်းလင်းရသေးလို့သာ အခက်အခဲတွေ ဖြစ်နေကြတာပါ။

"ကျွန်မတို့ရဲ့ သိစိတ်က မေ့နေခဲ့တာတွေကို နှလုံးသားက အမြဲ ပြန်သတိရနေတတ်ပါတယ်။"

ဒါကြောင့်မို့လို့... အတွင်းစိတ်ထဲက အကြွင်းအကျန်တွေ အကျိုးအကြောင်း ပြတ်သွားတဲ့အထိ ရှင်းလင်းရမယ့်အလုပ်ကိုပဲ တို့အားလုံး ဆက်လုပ်နေကြရမှာပါ။

ခရီးစဉ်လေးအတွက် အရမ်းလည်း မလောဘဲ... လျော့ရဲရဲလည်း မနေဘဲ ကိုယ့်ရဲ့ မူလအေးချမ်းမှုလေးကို ပြန်လည်ရှာဖွေနိုင်ကြပါစေ။ 🤍
#ယောဂီငြိမ်းtheultimate

18/08/2026

🍁School of Thoughts_11🍁

ရိုးရိုးလေးပါပဲ ..
အရှိတရားတွေမှာ ပျော်ဝင် တတ်သွားတဲ့အခါ
ပျော်တတ်တဲ့စိတ်ကလေး ဝင်လာတာဟာ
သဘာဝ ဖြစ်သွားခဲ့တယ် ……

💞 ယောဂီငြိမ်း 💞

သ ဘာဝ
သ = ထင်ရှား
ဘာဝ = အရှိတရား

သဘာဝ = ထင်ရှားတဲ့ အရှိတရား လို့ ဆရာကြီး ဦးစိုးလွင် ဆီက ကြားနာခဲ့ဖူးတယ်...။

#ယောဂီငြိမ်းtheultimate

16/08/2026

“Your own self realization is the greatest service you can give the world.” - Ramana Maharshi

မိမိကိုယ်မိမိ သိရှိနားလည်ခြင်းဟာ ကမ္ဘာကြီးကို ပေးတဲ့ အကြီးမားဆုံး လက်ဆောင်/အထောက်အပံ့ ပါ။

13/08/2026

Nidra ဆိုတာ Dreamless sleep ဖြစ်တဲ့ အိပ်မက်မပါတဲ့ နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ခေါ်တာပါ။

Yoga Sutra မှာ 'Abhava pratyaya alambana vritti nidra' လို့ ဆိုထားတယ်။ Vritti ဆိုတာ ကိုယ့်ရဲ့ အတွေးပုံစံတွေကို ခေါ်တာပေါ့နော်။ အဲ့ဒီအထဲမှာ ကိုယ့်ကို မနာကျင်စေတဲ့ အတွေးပုံစံ ၅ မျိုးနဲ့ နာကျင်စေတဲ့ အတွေးပုံစံ ၅ မျိုးစီ ရှိတယ်။
နာကျင်စေတဲ့ အတွေးပုံစံတွေက ကိလေသာတွေ၊ Negative thoughts တွေပေါ့။ တွေးနေတဲ့ အချိန်လည်း နာတယ်၊ တွေးပြီးတဲ့ အချိန်လည်း နာတယ်... Negative cycle သံသရာလည်နေတာပေါ့။ အခု ဒီ Non-painful vritti တွေကကျတော့ ကိုယ့်ကို မနာကျင်စေပေမယ့် နောက်ဆုံးတော့ ဆင်းရဲခြင်းဆီကို ခေါ်သွားတယ်။ အဲ့ဒီအထဲမှာ 'Nidra' ဟာ နောက်ဆုံး ၅ ခုမြောက် Vritti ပဲ ဖြစ်ပါတယ်။

အိပ်ပျော်နေတဲ့အချိန်မှာ တို့က ဘာအတွေးပုံစံမှ ရှိမနေတော့ဘူး... Absence ဖြစ်နေတယ်ပေါ့နော်။
အိပ်စက်ခြင်းဆိုတဲ့အခါ ခိုင်ငြိမ်းတို့က ကိုယ့်ကိုယ်ကိုယ် ဘာတွေးလို့ တွေးမှန်းလည်း မသိတော့သလို၊ ကိုယ့်ရဲ့ဖြစ်တည်မှုကိုပါ မသိတော့တဲ့ Feeling တစ်ခု နောက်ကနေ လိုက်လာတယ်။

Vritti တွေအားလုံးထဲမှာ Nidra ဟာ ကိုယ်လွတ်မြောက်ဖို့အတွက် လုံးဝမစွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသော Vritti ပဲ။ ဒါကြောင့်မို့လို့ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်လို့ ကြားဖူးတယ်နော်။ တကယ် အိပ်ပျော်သွားပြီဆိုရင် ဘယ်လိုမှ သိခြင်းဆီ မရောက်တော့ဘူးလေ။

အိပ်စက်အနားယူခြင်း မပါဘဲနဲ့ ရှင်သန်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အိပ်ရေးမဝဘူး၊ အိပ်စက်ခြင်းကို ပိတ်ပင်ထားမယ်ဆိုရင် သေတောင် သေသွားနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်အိပ်ပျော်နေတဲ့အချိန်မှာမှ ခန္ဓာကိုယ်ရဲ့ Healing နဲ့ Revitalization တွေ အလုပ်လုပ်နေတာနော်။ တရေးအိပ်ပြီးသွားရင် မနေ့က မောပန်းခဲ့တာတွေ မရှိတော့ဘဲ အသစ်ပြန်ဖြစ်သွားတဲ့ ဖြစ်စဉ်တွေက အိပ်နေတဲ့အချိန်မှာ ဖြစ်ပေါ်တာပါ။
တစ်ခါတလေ စိတ်ရဲ့ ယောက်ယက်ခတ်မှု Activity တွေက ကိုယ့်ကို တကယ်ခွန်အားဖြစ်စေမယ့် အရာတွေကို ခန်းခြောက်သွားစေပြီး ပင်ပန်းသွားစေတတ်တယ်။

Nidra မှာ စိတ်ပိုင်းဆိုင်ရာ စက်ကွင်းထဲက အတွေးပုံစံတွေ၊ Electrical impulses တွေ မရှိတော့ဘူး။ တစ်ချိန်လုံး နိုးနေတဲ့အချိန်တိုင်းမှာ စိတ်ဟာ အမြဲတမ်း Electrical impulses တွေ ဖြစ်နေတာလေ။ ဒါပေမဲ့ တို့က Sensitive enough မဖြစ်တော့ အထဲမှာ ပြောင်းလဲဖြစ်ပျက်နေတာကို မသိဘူး... မမြင်နိုင်ဘူး... မြဲတယ်လို့ ထင်နေကြတာ။

တကယ်အိပ်ပျော်သွားခြင်းဆိုတဲ့ ဖြစ်စဉ်ကို လေ့လာဖို့ Patanjali က ပြောခဲ့တယ်။ အိပ်စက်ခြင်း ဖြစ်စဉ်ကနေတဆင့် Absorption (အာရုံစူးစိုက်နစ်မြုပ်ခြင်း) နဲ့ နက်ရှိုင်းတဲ့ သိခြင်း (Meditation) တွေကို တို့က သင်ယူလို့ရတယ်။
ဒီနေ့ည အိပ်စက်ခြင်း ဖြစ်စဉ်လေးကို လေ့လာကြည့်ရအောင်-
✨ပထမဦးဆုံး သန်းဝေလာမယ်...
✨အိပ်ချင်လာတဲ့အချိန်မှာ မျက်ခွံတွေဟာ ကမ္ဘာပေါ်မှာ အလေးဆုံးအရာ ဖြစ်လာပြီး လေးလံလာမယ်...
✨အာရုံတွေ အကုန်လုံးက အထဲကို ရောက်သွားမယ်...
ကိုယ်က "ခဏလေး မျက်လုံးမှိတ်ပြီး နားလိုက်မယ်၊ ဒါပေမဲ့ ဆက်ပြီး နားထောင်နေဦးမယ်" လို့ ထင်နေတဲ့ အချိန်မှာပဲ... သိစိတ်က ကျောရိုးကနေတဆင့် ဗဟိုအာရုံကြောစနစ် (CNS) ဆီကို ရောက်သွားပြီး ငါတို့ အိပ်ပျော်သွားပြီလို့ တွေ့လိုက်ရတယ်။

ဒီနေ့ည အိမ်စာကတော့... ကိုယ်ဘယ်လို အိပ်ပျော်သွားသလဲဆိုတာကို နည်းနည်းလေး အာရုံစိုက်ကြည့်ပါ။ အခုခေတ် ဖုန်းအလင်းရောင်တွေက Nervous system ကို အမြဲတမ်း နိုးကြားစေလို့ အိပ်စက်ဖို့ ခက်ခဲလာကြတယ်။ ဒီနေ့ညတော့ ဖုန်းလေးဖယ်ပြီး ဒီဖြစ်စဉ်လေးကို သတိထားကြည့်ပေါ့နော်။

ပိုပြီး အရေးကြီးတာက... အိပ်ပျော်သွားခြင်းဆိုတဲ့ ဖြစ်စဉ်ကို လေ့လာခြင်းဟာ သိစိတ်နဲ့ လောကကို ဘယ်လိုနှုတ်ဆက်မလဲဆိုတဲ့ ယောဂီတစ်ယောက်ရဲ့ အကြီးမားဆုံးသော အောင်မြင်မှု (Conscious death) အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တာနဲ့ အတူတူပဲ။

ဒါကြောင့်မို့လို့ Savasana (Co**se Pose) ကို လေ့ကျင့်ကြတာပေါ့။ Complete relaxation မှာ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ အနားရနေပေမယ့် စိတ်က အကုန်လုံးကို သိနေတယ်။

သေခြင်းတရားကို ပြင်ဆင်ချင်ရင်... အရာအားလုံးကို အကုန်လွှတ်ချပြီး "စိတ်က သိနေခြင်း" နဲ့ အနားယူတတ်ရမယ် နော်... 🍃
#ယောဂီငြိမ်းtheultimate

11/08/2026

🍁School of Thoughts_10🍁

🍁 တိတ်ဆိတ်ခြင်း ဟာ သိပ်လှတယ်
🍁 တိတ်ဆိတ်ခြင်း မှာ အများကြီးကြားခွင့်ရခဲ့ကြတယ်
🍁 တိတ်ဆိတ်ခြင်း မှာ နှလုံးသား တံခါးတွေ ပွင့်သွားခဲ့ကြတယ်...။
~Yogi Nyein

09/08/2026

🍁💛🍁

I do believe in 🍀 PRACTICE 🍀

08/08/2026

☘️ ကိုယ်တွေးတဲ့ အတွေးတိုင်းဟာ ကိုယ့်အနာဂတ်ကို ရေးချယ်သတဲ့။

☘️ ကိုယ်ပြောတဲ့ စကားလုံးတိုင်းလည်း ကိုယ့်ဘဝ ပန်းချီကား ဖြစ်သွားသတဲ့။

#ယောဂီငြိမ်းtheultimate

06/08/2026

🌿 ကိုယ့်ကိုယ်ကို နားလည်ခြင်းဆီသို့... 🌿

အခုပြောပြပေးမယ့် အကြောင်းအရာလေးကတော့ "Non-painful Vritti" လို့ခေါ်တဲ့ ကိုယ့်ကို တိုက်ရိုက်ကြီး မနာကျင်စေတဲ့ အတွေးပုံစံလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ကိလေသာကျတော့ Painful ဖြစ်တယ်လေနော်၊ ရင်ထဲမှာနာရတယ်၊ စိတ်ထဲမှာနာရတယ်။ လောဘ၊ ဒေါသ စတဲ့ ကိလေသာတွေလို ရင်ထဲကို ပူလောင်နာကျင်စေတာမျိုး မဟုတ်ပေမယ့်၊ ဒီအတွေးပုံစံလေးတွေကလည်း နောက်ဆုံးမှာ ဆင်းရဲခြင်းဆီကိုပဲ ဦးတည်သွားစေတတ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကိုလည်း သေချာနားလည်ပေးဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ ခိုင်ငြိမ်းတို့တွေ "Viparyaya" လို့ခေါ်တဲ့ မှားယွင်းနေတဲ့၊ ရှုပ်ထွေးနေတဲ့ အသိအမြင်အကြောင်းကို ဆက်ပြီး လေ့လာကြည့်ကြမယ်နော်။

✨ Viparyaya ဆိုတာကတော့ တကယ့်အစစ်အမှန်တရား (Reality) က အထောက်အပံ့မပေးဘဲ ကိုယ့်စိတ်ထဲမှာ ပုံဖော်ဖန်တီးထားတဲ့ ယုံကြည်မှုတစ်ခုကို အမှန်လို့ ဆုပ်ကိုင်ထားတာမျိုးပါ။ လူနှစ်ယောက် ငြင်းခုန်ကြတဲ့အခါ "ငါသာမှန်တယ်၊ သူကတော့မှားတယ်" ဆိုပြီး ကိုယ့်ဘက်ကနေပဲ အပြည့်အဝယုံကြည်နေတတ်ကြတယ်။ဒါကြောင့်မို့လို့လေ သူ့ရဲ့အမှန်တရား၊ ကိုယ့်ရဲ့အမှန်တရားဆိုတဲ့ ဒီအမှန်အမှားတွေနောက်မှာ ငြင်းခုန်နေမယ်၊ "သူကမှန်တယ် ငါကမှားတယ်၊ ငါကမှန်တယ် သူကမှားတယ်" ဆိုတဲ့ အဲ့ဒီနောက်ကိုပဲ လိုက်နေမယ်ဆိုရင် ဘာဖြစ်သွားလဲဆိုတော့ အစစ်အမှန်မှ မဟုတ်တာ။ ကိုယ့်ဘက်ကကြည့်ရင် ကိုယ်ပဲမှန်တယ်လေ၊ သူ့ဘက်ကကြည့်ရင် သူပဲမှန်တယ်ပေါ့။ ဒါက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အချိန်မှာ ဖြစ်တတ်ကြတာပေါ့။ တကယ်တမ်းမှာ နှစ်ဦးစလုံးရဲ့ အမြင်တွေက အစစ်အမှန်ကို အခြေခံထားတာ မဟုတ်ဘူးဆိုရင် အဲ့ဒါဟာ Viparyaya (Wrong knowledge) ပါပဲ။

ဒီလို အမြင်မှားတွေကို ရှင်းလင်းဖို့ဆိုရင် "Viveka Khyati" လို့ခေါ်တဲ့ discriminative wisdom အင်မတန်ထက်မြက်တဲ့ ခွဲခြားသိမြင်နိုင်စွမ်းဆိုတဲ့ ဉာဏ်ပညာကို အသုံးချရပါမယ်။ နည်းနည်းလေး ဘက်လိုက်လိုက်တာနဲ့ ကိုယ်သာတဲ့ဘက်ကိုပဲ မှန်တယ်ဖြစ်သွားတာ။ ကိုယ်နဲ့ချစ်တဲ့သူ၊ ကိုယ်ယုံကြည်တဲ့သူဆိုပြီး တစ်ကြောင်းဆွဲနဲ့ တစ်ယူသန်တဲ့ အပိုင်းကို ဖြစ်သွားတာပေါ့နော်။
ကိုယ့်ကိုယ်ကို နားလည်ဖို့ကြိုးစားတဲ့ ခရီးလမ်းမှာ ကျမတို့အနေနဲ့ ကိုယ့်ရဲ့အစွဲအလမ်း ခြုံပုတ်တွေကို ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ သူများကို "သူကတော့ အမြင်မှားနေပြီ" လို့ ထောက်ပြနေချိန်မှာ၊ ကိုယ်တိုင်ကလည်း အမြင်မှားထဲမှာ ပိတ်မိနေတတ်တာကို အမြဲသတိပြုရပါမယ်။

🍂 တကယ်တော့ လုံးဝနားမလည်တာကမှ အပြစ်ကင်းသေးတယ်လို့ ဆိုကြပါတယ်။ မှားယွင်းရှုပ်ထွေးနေတဲ့ အသိပညာက ပိုပြီး အန္တရာယ်များလှပါတယ်။ အခြေအမြစ်မရှိတဲ့ အတွေးအခေါ်တွေ၊ အထင်အမြင်တွေအပေါ်မှာ ဘဝကို တည်ဆောက်ထားမိရင် တစ်နေ့မှာ ကိုယ့်ရဲ့ကမ္ဘာလေး ပြိုကျပျက်စီးသွားတတ်ပါတယ်။

ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ အရာအားလုံး ကျိုးပဲ့ပျက်စီးသွားတဲ့အခါမှာ အဲ့ဒါဟာ ဘာကိုပြနေလဲဆိုရင် တကယ့်ကမ္ဘာကြီးရဲ့ သဘာဝအစစ်အမှန်တွေနဲ့ တို့ဟာ Misaligned ဖြစ်သွားပြီ၊ အံမဝင်တော့ဘူး၊ သဘာဝဖြစ်စဉ်နဲ့ ဝေးသွားပြီဆိုတာကို ပြနေတာပဲ။

တကယ်ဖြစ်စဉ်ထဲမှာ ကိုယ်ကအဲ့ဒီ မှားယွင်းတဲ့ Concept တစ်ခုကိုပဲ ကိုင်ထားတဲ့အချိန်မှာ "ငါ့ရဲ့ကမ္ဘာတော့ ပျက်စီးပါပြီ၊ ငါ့ရဲ့ကမ္ဘာတော့ ရှုပ်ထွေးပါပြီ" ဆိုပြီး အများကြီးဖြစ်နေကြတာလေ။ အားလုံးက ကိုယ့်ကမ္ဘာနဲ့ကိုယ်ပဲ ဖြစ်နေကြတာနော်။ "ငါ့ကိုတော့ ဘယ်သူမှနားမလည်ပါဘူး" ဒါမျိုးတွေဖြစ်လာတယ်။ တကယ်တော့ သဘာဝတရားဟာ ဘယ်အရာမှမမြဲဘူးဆိုတာ လူတိုင်းသိတယ်။ တော်တော်များများလည်း သိနေကြပါတယ်။ ဒါပေမဲ့ အဲဒီလို မမြဲတဲ့အရာကို တစ်သက်မတ်တည်း ရှိနေမယ့်အရာအဖြစ် ဆုပ်ကိုင်ထားကြတာလေ။ ပြောင်းလဲသွားရင် မကြိုက်တော့ဘူး၊ မပြောင်းလဲရင်လည်း မကြိုက်တော့ဘူး။ လူတွေရဲ့စိတ်က အဲ့ဒီလိုဖြစ်နေတာ။ အဲဒီလိုမျိုး ဒီကမ္ဘာကြီးရဲ့ အစစ်အမှန်သဘာဝနဲ့ Misaligned ဖြစ်သွားပြီ၊ လွဲချော်သွားပြီ။

ဒီလိုပြဿနာတွေ ဖြစ်လာပြီဆိုရင် သိစိတ်အနေနဲ့ရော၊ မသိစိတ်အနေနဲ့ပါ ကိုယ့်ရဲ့ယုံကြည်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့ အချိန်ရောက်ပြီ။ ကိုယ်ဘာတွေကို တန်ဖိုးထားနေတာလဲ။
အထူးသဖြင့် လူတွေနဲ့ဆက်ဆံတဲ့အချိန်၊ လူ့လောကမှာ ရှင်သန်ရတဲ့အချိန်တွေမှာ Alignment တွေ လွဲနေပြီလား။ ဒါမျိုးလေးတွေမှာ အဲ့ဒီ Alignment တွေကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့လိုအပ်ပါတယ်။

မနက်ဖြန်မှာတော့ "Vikalpa" လို့ခေါ်တဲ့ ပုံဖော်မြင်ယောင်ခြင်း (Imagination) အကြောင်းကို ဆက်သွားကြပါမယ်။ ပုံဖော်မြင်ယောင်ခြင်း ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ သူသာမရှိရင် ကျမတို့တွေ လေယာဉ်ပျံတွေစီးရဖို့၊ ဖုန်းတွေသုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူကလည်း အစွန်းရောက်သွားရင် အစစ်အမှန်တရားနဲ့ ဝေးကွာသွားစေတတ်ပါတယ်။ ဒါကြောင့် Healthy imagination လေးဖြစ်အောင် ဘယ်လို မျှတအောင် နေထိုင်ရမလဲဆိုတာကို ဆက်ပြီး ဝေမျှပေးသွားပါမယ်နော်။

04/08/2026

🍁✨School Of Thoughts _ 09🍁✨

မကောင်းတာ တွေးမယ့်အစား
မတွေးတာ ကောင်းတယ်
တွေးချင်းတွေး
ကောင်းတာပဲ ရွေး တွေးမယ်

~Yogi Nyein The ULTIMATE~



#ယောဂီငြိမ်းtheultimate

30/07/2026

There is gold in every relationship, even the difficult ones, to bring riches to all your relationships and your life, YOU have to find the gold.
~ Rhonda Byrne

ဒေါင်ဒေါင်မြည် ကျန်းမာတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ မိမိကိုယ်ကို တာဝန်ယူခြင်းက စတယ်…..။
~ The ULTIMATE ~

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok