WATER JASMINE
Simple Life……..,
31/07/2026
ဆရာကြီး ဦးအောင်သင်းကပြောတယ်။ လောကကြီးကို သတ္တိရှိတဲ့လူတွေက ဦးဆောင်နေတာ။ သတ္တိမရှိတဲ့သူအတွက် နေရာ မရှိဘူး' အဲ့ဒါအမှန်တရားပဲ။
အရှုံးနဲ့ ရင်ဆိုင်လိုက်ရလို့ သင်ရှုံးသွားတာမဟုတ်ပါဘူး။ နောက်ထပ်တစ်ကြိမ်အတွက် ပြင်ဆင်နိုင်ဖို့ သတ္တိရှိပါ။ အမှန်တရား ဆိုတာ ဘယ်တော့မှ မရှုံးဘူး။
ရိုးသားဖို့အတွက် သတ္တိရှိပါ။ လိမ်ညာပြီး ပြောနေတာထက် တော့ အထက်တန်းကျပါတယ်။ တကယ်တမ်းတော့ ရိုးသားခြင်းက တုံးအနေတာမှ မဟုတ်တာ။ ဘဝအတွက် လိပ်ပြာလုံပါတယ်။
မာကြောမှုအတွက် သန်မာနေမှဖြစ်သလို နူးညံ့မှုအတွက် သတ္တိရှိနေဖို့လိုတယ်။ တစ်ခုခုဆို မဝံ့မရဲတဲ့စိတ်က ကိုယ့်အနာဂတ်ကိုပါ ဖျက်စီးပစ်လိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဒါကြောင့်
ချစ်ရဲတဲ့ သတ္တိရှိရင် မေ့ပစ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်။ တွေ့ဆုံခြင်းအတွက် သတ္တိရှိရင် ခွဲခွာခြင်းအတွက် သတ္တိရှိရတယ်ငွေရှိဖို့ထက် သတ္တိရှိဖို့လိုတယ်။ ဘဝပြောင်းလဲချင်ရင် သတ္တိရှိပါ။ ရင်မဆိုင်ရဲတဲ့ စိတ်က သင့်ကို ရှုံးနိမ့်စေပါတယ်။ သင့်ရဲ့လုပ်ရပ်တိုင်းက သင့်ရဲ့စိတ်ဓာတ်ပါ။ သင်က မဖြစ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ မဖြစ်နိုင်ပါဘူး။ သင်က မလုပ်နိုင်ဘူးထင်ရင် ဘယ်အရာကမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
သင့်ကိုယ်သင် ပြောင်းလဲဖို့ သတ္တိရှိပါ။ သင့်ဘဝကို သင်ပြောင်းလဲနိုင်ဖို့ သတ္တိရှိပါ။ သင့်အနာဂတ်ကို အလှဆုံးပုံဖော်နိုင်ဖို့ သတ္တိရှိပါ။ အများအား ဖြင့် အောင်မြင်နေတဲ့ သန်းကြွယ်သူဌေးအများစုက ငွေအရင်ရှိတာ မဟုတ်ပါဘူး သတ္တိအရင်ရှိတာပါ။ ဒါဆိုရင် သင့်ဘဝက သုညမို့လို့ဆိုပြီး အားငယ်နေဦးမှာလား။ ဒီနေ့ကစပြီး သတ္တိရှိရှိနဲ့ ပြောင်းလဲကြည့်ပါ။
21/07/2026
ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်။
မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံတတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်။
လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စုနှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်။
အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်
အများအကျိုးအတွက်
အသက်ကို စတေးရဲသူတွေက
ပိုပြီး လူသားဆန်တယ်။
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်။
ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝရေဆန်ကို အားမာန်နဲ့ကူးနေသူက
ပိုပြီး လူသားဆန်တယ်။
အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်
ဒါပေမယ့်
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တခြားသူတွေကို
ထိခိုက်နစ်နာအောင်မလုပ်တတ်တဲ့
ကိုယ်ကျင့်တရားရှိသူက ပိုပြီးလူသားဆန်ပါတယ်။
Credit
Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
25/06/2026
" လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ် "
သူတစ်ပါးကို
သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ
ကိုယ့်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။
သူတစ်ပါးကို
ဂုဏ်သတင်း မှေးမှိန်အောင်၊
သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ
သေးသိမ် မှေးမှိန် သွားစေပါတယ်။
သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ့်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။
သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး
ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။
ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်း မပြောနဲ့ တဲ့။
ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။
သူများအတင်း၊ သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပါပဲ။
သူတစ်ပါးတို့ရဲ့မလျော်သော
အပြစ်၊အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။
သူက ကောင်းတာတွေ လုပ်နေတာလား၊
မကောင်းတာတွေ လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့
လိုက်လံကြည့်ရှု မနေပါနဲ့။
ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊မလုပ်ကိုပဲ
အမြဲမပြတ် ကိုယ့်ကိုယ်ကိုသာသုံးသပ်
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။
ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။
အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို
ပြန်ပြီး စမ်းစစ်ကြည့်၊သုံးသပ်ကြည့်ပါ...
အေးချမ်း၊ ကြည်လင် နေသလားလို့။
ကိုယ်က...
အတင်းပြောတဲ့ အချိန်မှာ
တစ်ဖက်လူက...
ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊
တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့များ
ကြုံကြိုက်ခဲ့တယ် ဆိုရင် ...
ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ ကြောက်စရာ ကောင်းပါတယ်။
🙏ပါချုပ်ဆရာတော်ကြီး🙏
အိုမင်းချိန်ကျမှ မဆင်းရဲစေနဲ့
အသက်အရွယ် အိုမင်းခြင်းဆိုတာ
ရှောင်လွှဲလို့မရတဲ့ သဘာဝတရားပါ။
ဒါပေမယ့်
ကျန်းမာပြီး ပိုက်ဆံရှိတဲ့ လူအို" ဖြစ်မလား
(ဒါမှမဟုတ်)
မကျန်းမာပဲ သူများလက်ဖဝါးပေါ်မှာ
မျက်နှာငယ်ရတဲ့ လူအို" ဖြစ်မလား
ဆိုတာကတော့
အခု ပစ္စုပ္ပန်မှာ သင်ဘယ်လို လုပ်ဆောင်
နေသလဲ ပြင်ဆင်နေသလဲ ဆိုတဲ့ အပေါ်မှာ
မူတည်ပါတယ်။
ငါတို့က "အိုဖို့က လိုပါသေးတယ်
အခုတော့ ပျော်အောင်နေဦးမယ်"
နေချင်သလို နေမယ် ဆိုပြီး
ဆင်ခြေပေးနေသလား။
အဲ့ဒါဆိုရင်တော့ သင်ဟာ
အချိန်" ရဲ့ တိုက်စားမှုကို မေ့နေလို့ပဲ။
လူဟာ အိုလာရင်
ရှာရဖွေရ မလွယ်တော့ပါဘူး။
လုပ်ချင်ကိုင်ချင် စိတ်ရှိပေမယ့်
ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး။
အဲဒီအချိန်ကျမှ ငါ့သားသမီး အားကိုးမယ်
ငါ့ဆွေမျိုး
အားကိုးမယ်" လို့ တွေးနေရင်တော့
ကံစမ်းမဲ နှိုက်နေတာလို့ပဲ ပြောပါရစေ။
မသေချာမှုကို မျှော်လင့်နေတဲ့ လုပ်ရပ်ပါပဲ။
သင်က
အိမ်တစ်လုံး ဆောက်နေတယ် ဆိုပါစို့။
မိုးမရွာခင်မှာ အမိုးကို အရင်မိုးထားရမယ်။
မိုးရွာချလာမှ အမိုးတက် မိုးရင်တော့
သင်ရော သင်ရဲ့ပရိဘောဂတွေရော
အကုန် စိုရွဲကုန်မှာပဲ။
အိုမင်းခြင်း"ဆိုတာ အဲ့ဒီလိုပါပဲ
ကိုယ့်ရဲ ခြေတွေလက်တွေ ခိုင်နေတုန်းမှာ
အမိုး"ဖြစ်တဲ့ ကျန်းမာရေးနဲ့ ငွေကြေးကို
အပြည့်အစုံ ဖြစ်အောင် ပြင်မထားနိုင်ရင်
တော့
အိုလာတဲ့အခါ ဘဝက
စိုစိုရွဲရွဲနဲ့ တုန်ချိနေရလိမ့်မယ်။
သူများ အကြွေကို စောင့်စားရတဲ့ဘဝဟာ
အိုတဲ့အခါ အဆိုးဆုံးပါပဲ။
ဒါကို သင့်ပတ်ဝန်းကျင်မှာလည်း တွေ့နိုင်
ပါလိမ့်မယ်။
မအိုခင်မှာ
ဘာတွေပြင်ဆင်ထားသင့်လဲဆိုတော့
#ကျန်းမာရေး (ဒါက အဓိက အရင်းအနှီးပဲ)
ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ
ဆေးရုံကုတင်ပေါ်မှာပဲ အချိန်ကုန်နေရမယ်
ဆိုရင် အိုရကျိုးမနပ်ဘူး။
အခု အရွယ်ကောင်းတုန်းမှာ
ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခပေးတာမျိုး မလုပ်ပါနဲ့။
ဥပမာ ဆေးလိပ်၊ အရ,က်သောက်တာမျိုး
မလုပ်နဲ့လို့ ဆိုလိုတာပါ။
အိပ်ချိန်၊ စားချိန် ဂရုစိုက်ပါ။
အခု လေ့ကျင့်ခန်းလုပ်တာ
ကျန်းမာအောင် နေတာတွေဟာ
အိုလာတဲ့အခါ
ကိုယ်တိုင် ပြန်သုံးရမယ့် အကျိုးအမြတ်တွေပဲ။
#ငွေကြေး (ကိုယ့်ဒူးကိုယ်ချွန်နိုင်ဖို့)
သားသမီးက ကျွေးမှာပါ" ဆိုတာ အိပ်မက်ပဲ။
သူတို့မှာလည်း သူတို့ဝန်ထုပ်ဝန်ပိုးနဲ့သူ။
ကိုယ့်လက်ထဲမှာ "အိုစာမင်းစာ" ဆိုတဲ့
ပိုက်ဆံလေးတော့ ရှိနေမှ ဖြစ်မယ်။
ပိုက်ဆံရှိတဲ့
လူအိုဟာ သားသမီး မြေးတွေအတွက်
ဘိုးဘိုးကြီး၊ ဘွားဘွားကြီး" ဆိုပြီး
ချစ်စရာကောင်းပေမယ့်
ပိုက်ဆံမရှိတဲ့ လူအိုကတော့ "လူပိုကြီး"
ဖြစ်သွားတတ်တာ လောကရဲ့ အမှန်တရားပဲ။
အခုကတည်းက
စုဆောင်းပါ၊ ရင်းနှီးမြှုပ်နှံပါ။
#စိတ်ဓာတ် (အထီးကျန်မှုကို အနိုင်ယူဖို့)
အိုလာရင် သူငယ်ချင်းတွေ နည်းလာမယ်
အဖော်တွေ နည်းလာမယ်။
အဲဒီအချိန်မှာ တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့ အလေ့အကျင့်
(သို့မဟုတ်)
ဝါသနာတစ်ခုခု ရှိနေဖို့ လိုတယ်။
စာဖတ်မလား၊ တရားအားထုတ်မလား
တစ်ခုခုကို လေ့လာမလား။
စိတ်ဓာတ်ခိုင်မာတဲ့ လူအိုဟာ အိုပေမယ့်
မဆွေးဘူး။
အိုပေမဲ့ တန်ဖိုးရှိနေဦးမှာပဲ။
သင် အိုလာတဲ့အခါ
မျက်နှာမငယ်ချင်ဘူး ဆိုရင်တော့
အခုကတည်းက
အသေအချာ ပြင်ဆင်လိုက်စမ်းပါ။
အချိန်က
မင်းကို စောင့်နေမှာ မဟုတ်ပါဘူး။
ပြင်ဆင်ထားတဲ့သူကမှ အိုတဲ့အခါမှာလည်း
ဘုရင်တစ်ပါးလို ခန့်ညားနေမှာပါ။
ကြိုတင်ပြင်ဆင်ခြင်းက
ဘယ်သောအခါမှ အကျိုးမယုတ်ပါဘူး။
အိုမင်းခြင်းအတွက်
ဘယ်အချိန်ပြင်ဆင်ရမလဲ မေးရင်
အခုချိန်ကစပြီး ပြင်ဆင်သင့်တယ်လို့
အကြံပြုလိုက်ပါရစေ......။
#ပြန်လည်မျှဝေပါသည်
19/04/2026
ရေကဲ့သို့ကျင့်ပါ
-------------------
“ရေစက်ရေပေါက်လေးများသည် ကျောက်တုံးကို ဖြိုခွဲနိုင်သည်ဆိုခြင်းမှာ အင်အားကြောင့်မဟုတ်။ အဆက်မပြတ် တိုးတိုက်နိုင်စွမ်းကြောင့်ဖြစ်သည်။ ရေကဲ့သို့ကျင့်ပါ။ အရှုံးမပေးပါနှင့်”
ထိုစကားပုံလေးကို အလွန်သဘောကျမိသည်။
လက်တင်စကားပုံတစ်ခုတွင်လည်း
“ရေစက်ကလေးသည် ကျောက်တုံးကို ပေါက်စေသည်” ဟူ၍ တွေ့ရသည်။ ထိုသဘောအတိုင်း ဖြစ်သည်။ အောင်မြင်ချင်သလား စဉ်ဆက်မပြတ် (Consistency) လုပ်ဆောင်နိုင်စွမ်းလိုသည်။ အဆက်မပြတ် တိုးတိုက် နိုင်စွမ်းသည်သာလျှင် စွမ်းအားဖြစ်သည်။
ကျောက်တုံးဆိုသည်မှာ ခိုင်မာတောင့်တင်းသည့် “ခွန်အား” ကို ကိုယ်စားပြုသည်။ ရေဆိုသည်မှာ နုညံ့ ပျော့ပြောင်းသော်လည်း “ဇွဲ” ကို ကိုယ်စားပြုသည်။ ကျောက်ဆောင်ကြီးတွေ ရေနှင့် ပွတ်တိုက်ဖန်များသော် ပြိုပျက်ရသည်။ မည်မျှ မာကြောသည်ဆိုစေ အချိန်နှင့်အမျှ တိုက်စားဖန်များလျှင် ပြိုပျက်သည်။ အစဉ်တစိုက် လုပ်ဆောင်နိုင်စွမ်းက အရေးကြီးသည်။
“ရေကဲ့သို့ကျင့်ပါ” ဆိုသည်ကို Bruce Lee လည်းပြောဖူးသည်။ ရေ၏ထူးခြားချက်မှာ သူ့ကိုထည့်ထားသည့် ခွက်အနေအထားအရ ပုံစံပြောင်းနိုင်သည်။ ထည့်သည့် အိုးခွက်အလိုက် ပုံစံအမျိုးမျိုးတည်နိုင်သည်။ သို့သော် အက်ကြောင်းလေးတစ်ခုတွေ့သည်နှင့် ထိုးဖောက်ထွက်တတ်သည်။
ဖောက်ထွက်နိုင်မှုကို ကံတရားကြောင့်ပါဟု အချို့ကထင်ကြသည်။ အမှန်တော့ စနစ်တကျလေ့ကျင့်မှုက အောင်မြင်မှုတစ်ခုဖြစ်သွားနိုင်သည်။ မည်သည့်နယ်ပယ်တွင်မဆို ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန်အတွက် တစ်နေ့တည်း၊ တစ်ချိန်တည်းနှင့် မရနိုင်ပေ။ အချိန်ယူကာ နေ့စဉ်လေ့ကျင့်ပြီး လုပ်ဆောင်နိုင်စွမ်းကသာလျှင် အောင်မြင်မှုကို ဖြစ်စေနိုင်ပါသည်။
ဥပမာ စာရေးချင်သူတစ်ဦးအနေဖြင့် စိတ်ကူးပေါက်မှ ထရေးခြင်းထက်၊ နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ချိန်ဖတ်၊ တွေးချိန်တွေး၊ ရေးချိန်တွင်ရေးနေခြင်းသည် စာရေးဆရာကောင်းတစ်ယောက် ဖြစ်စေနိုင်ပါသည်။
Scapegoating ဆိုသည့် စကားလုံးတစ်လုံးရှိသည်။ မိမိ၏အမှား၊ ကျရှုံးမှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်များအတွက် တရားခံအစစ်ကို ရှာဖွေရမည့်အစား အပြစ်မရှိသူ သို့မဟုတ် ခုခံနိုင်စွမ်းမရှိသူ သို့မဟုတ် အုပ်စုတစ်စုကို ဓားစာခံအဖြစ် အပြစ်ပုံချခြင်းဖြစ်သည်။
"Scapegoat" သည် ရှေးဟောင်းဘာသာရေး ဂျင်းတစ်မျိုးဖြစ်သည်။ ရှေးခေတ်လူတွေသည် အပြစ်တစ်ခုခု ပြုလုပ်မိလျှင် သူတို့လုပ်ထားသည့် အပြစ်ကို ကျေပျက်စေရန်အတွက် ဆိတ်တစ်ကောင်ကိုခေါ်လာပြီး သူတို့အပြစ်ကို ဆိတ်ခေါင်းပေါ်တင်ကာ ထိုဆိတ်ကို တောထဲမောင်းထုတ်လိုက်ခြင်းမျိုးဖြစ်သည်။ ငါတို့ အပြစ်တွေ ဆိတ်နဲ့အတူပါသွားပြီ၊ ငါတို့ သန့်ရှင်းသွားပြီဟူ၍ ထင်သည့်အလေ့အထကစတင်ခဲ့သည်။
လူတစ်ယောက်သည် ကိုယ့်အားနည်းချက် သို့မဟုတ် မကောင်းသည့်စိတ်များဖြစ်ပေါ်လာသည့် အခါတွင် မိမိကိုယ်မိမိအပြစ်တင်ရမည်ကို ကြောက်သည့်အခါတွင် အခြားသူအပေါ် ပုံချခြင်းများ လုပ်တတ်ကြသည့် သဘောပင်။
Scapegoating သည် အမှန်တရားကို ရင်မဆိုင်ရဲသူတို့၏ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်။
အမုန်းတရားကို နှလုံးသွင်းကာ အငြိုးအတေးကြီးနေသူတစ်ယောက်အတွက် မည်သည့်အခါမျှ ငြိမ်းချမ်းမှု မရနိုင်ပေ။ သူ့နှလုံးသားသည်လည်း အမုန်းရေစက်ဖြင့် တစ်စက်စက်၊ တစိမ့်စိမ့် ချေဖျက်ထားခြင်း ခံနေရသော ကြောင့် ကျေပျက်ကောင်း ကျေပျက်နေပေလိမ့်မည်။ သူ့နှလုံးသားထဲကို အမုန်းတရားရေစက် အဆက်မပြတ် ထိုးဖောက်ခြင်းကို ခွင့်ပြုထားသူ၏ ခံစားရမည့် ဆုလာဘ်ဖြစ်သည်။
မည်သူမဆို မိမိလုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိပြီး၊ နေ့စဉ်စိတ်ကောင်းနှလုံးကောင်းဖြင့် အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လုပ်ဆောင်နိုင်လျှင် သူတစ်ပါးကို လက်ညှိုးထိုးစရာမလိုသည့် စိတ်အေးချမ်းမှုကို ရရှိစေနိုင်သည်။
သူတစ်ပါးကို အပြစ်တင်နေသူမှာ အမြဲပူလောင်နေရမည်မှာ သေချာသည်။
Crd to ဆရာဦးတင်ညွန့်
16/04/2026
26/03/2026
#ရပ်တန့်မနေနဲ့
ဘဝမှာလူတိုင်းက တခါတခါတော့
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်
တွေဝေရင်း
လမ်းပျောက်နေခဲ့ကြဖူးတယ်။
အဲ့ဒီလိုကြုံလာရင် အကြာကြီး
တွေဝေမနေဖို့
ကိုယ့်ကိုယ်ကို ဘာတွေလုပ်နိုင်မလဲ၊
ဘာတွေလုပ်သင့်တယ်ဆိုတဲ့
အတွေးနဲ့အမြန်ဆုံးတွန်းအားပေး
ခိုင်းစေပါ။
အသက်အရွယ်နဲ့ အချိန်အခါရှိတုန်းမှာ
ကိုယ့်ဘဝရှေ့ရေးကြိုတွေးလို့
ကြိုးစားထားရမှာပါ။
လူတွေအိပ်နေတယ်ဆိုရင်တောင်
အချိန်တွေကတော့လည်ပတ်ရင်း
ကုန်ဆုံးနေဆဲပါပဲ။
ရပ်တန့်ထားလို့မရတဲ့ အချိန်တွေဟာ
တွေဝေနေတဲ့
ကိုယ့်အတွက်အချိန်လွန်နောင်တတွေက
လက်ဆောင်အဖြစ် ရောက်လာနိုင်လို့
ပါပဲ။
ဘဝတစ်ခုကိုရရှိထားတဲ့လူတိုင်း
အောင်မြင်ဖို့ဆိုတာထက်
ကြိုးစားမှုတွေ ရပ်တန့်မနေဖို့ပဲ
အရေးကြီးတာပါ။
ကြိုးစားမှုတွေ မရပ်သရွေ့ ကိုယ့်အတွက်
ထိုက်တန်တဲ့တစ်နေရာတော့ ရှိနေစမြဲပါပဲ။
တွေဝေလွန်းရင် ကိုယ့်ကိုယ်ကို
ယုံကြည်မှုတွေနည်းလာတတ်တယ်။
ကိုယ်ရည်ရွယ်တဲ့ အလုပ်တိုင်းကို
သူများတွေတောင်လုပ်နိုင်သေးတာပဲ
ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့
ကိုယ့်ကိုယ်ကို ခိုင်မာတဲ့စိတ်၊
ယုံကြည်မှုအပြည့်နဲ့လုပ်မယ်ဆို
အလုပ်နဲ့ပတ်သက်တဲ့ သင်ယူမှု
တွေဟာ
တတ်မြောက်လွယ်စေတယ်
အခက်အခဲတွေကိုလည်း နည်းစေပါ
တယ်။
ကိုယ့်ဘဝကို
မျက်တောင်မွှေးတစ်ဆုံးလောက်သာ
ကြည့်ပြီးလမ်းပျောက်မနေပါနဲ့
မျက်စိတစ်ဆုံးမြင်နိုင်သလောက်
ခပ်ဝေးဝေးကို မြင်အောင်ကြည့်ပါ
လုပ်သင့်တာတွေမြင်လာပါလိမ့်မယ်။
တချို့လည်း သင်ယူလေ့လာမှုတွေနဲ့
သူတို့ဘဝကို
စတင်ပြီးအကောင်အထည်ဖော်နိုင်ဖို့
ပထမခြေလှမ်းအဖြစ် ကြိုးစားနေ
ကြတယ်။
တချို့လည်းသင်ယူမှုတွေပြီးလို့
သူတို့ဘဝလမ်းကို ယုံကြည်မှုတွေနဲ့
ရည်ရွယ်ရာပန်းတိုင်ဆီ လျှောက်လှမ်း
နေကြပြီ။
သင်ကရော ဘာလုပ်ရမှန်းမသိပဲ
တွေဝေရင်းလမ်းပျောက်နေတုန်းလား။
ဆုံးဖြတ်ချက်ကို အလျင်စလိုချဖို့
မလိုပါဘူး။
ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တစ်ခု
ဘာတွေလုပ်နိုင်မလဲ၊ ဘယ်လိုလုပ်ရင်
ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲ
စဉ်းစားပြီး စတင်ပါတော့။
ဘာပဲလုပ်လုပ်
စမိတဲ့ချိန်ကစ အဆုံးသတ်သည်ထိ
အကောင်းဆုံးကြိုးစားနိုင်မှ
သင့်ပန်းတိုင်ကိုရောက်မှာပါ။
ကိုယ့်အလုပ်အတွက် အရင်းအနှီး
မရှိလို့ဆိုတာ ပျင်းရိခြင်းအတွက်
အကောင်းဆုံးဆင်ခြေပါလို့ ထင်မိပါ
တယ်။
ဘယ်သူမှမွေးကတည်းက လိုတရ
အရာရာ ပြီးပြည်စုံသူမရှိပါဘူး
ကိုယ့်ဘဝတွက်လိုအပ်တာကို
အောက်ခြေကစ တဆင့်ချင်းကြိုးစားပြီး
အမြင့်ရောက်ဖို့ တက်လှမ်းရမှာပါ။
ကံကောင်းလာမယ့်နေ့တွေနဲ့
ကိုယ့်အတွက် အခွင့်အရေးရနိုင်မယ့်
အချိန်ကောင်းကို ထိုင်စောင့်ရင်း
သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေက
အချိန်လွန်နောင်တနဲ့ကြိုးစားမှုတွေ
မလုပ်နိုင်တော့တဲ့ အိုမင်းခြင်းဆီကို
သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။
ကံကောင်းလာမယ့်နေ့အတွက်
သင့်ရဲ့နုပျိုခြင်းအချိန်တွေကိုရင်းပြီး
အချိန်မဖြုန်းပါနဲ့
အလကားနဲ့ပေါ့ပေါ့လေး ရတဲ့အရာတွေ
ဆိုတာ တန်ဖိုးထားသူနည်းတယ်။
အချိန်လွန်မှ နောင်တမရစေဖို့
သင့်ကြိုးစားမှုတွေကို ရပ်တန့်မနေပါနဲ့။
သင့်ရဲ့ မျက်စိ၊ နား ၊ဦးနှောက်တံခါးကို
ဖွင့်လို့
လုပ်သင့်တာတွေမြင်အောင်ကြည့်ပြီး
ကြိုးစားမှုတွေစတင်ပါတော့
ကြိုးစားနေသူတွေကလည်း
လျော့နေတဲ့ခွန်အားများဖြည့်တင်းလို့
ဆက်လျှောက်ကြပါလို့
သိသလောက်နဲ့ အတွေးအမြင်လေးကို
အကြံပြုရေးသားလိုက်ရပါတယ်။
17/03/2026
ခေါင်းဆောင်သုံးမျိုး
--------------------------
တရုတ်တွေးခေါ်ပညာရှင်ကြီး လောင်ဇု (Lao Tzu) က
“အတော်ဆုံးခေါင်းဆောင်ဆိုသည်မှာ သူရှိနေမှန်းကို ပြည်သူတွေက သတိမထားမိလောက်အောင်ဖြစ်နေသူပါ။ လူတွေက ဝိုင်းဝန်းနာခံပြီး ချီးမွမ်းနေကြတဲ့ခေါင်းဆောင်ကတော့ သိပ်ပြီးကောင်းလှတယ်လို့ မဟုတ်ပါ။ လူတွေ မုန်းတီးရွံရှာတဲ့ ခေါင်းဆောင်မျိုးဟာ အဆိုးဆုံးပါ” ဟုဆိုဖူးသည်။
တော်သည့်ခေါင်းဆောင်သည် သူ့အလုပ်သူလုပ်နေမည်သာဖြစ်သည်။ သူ့ကို ချီးမွမ်းလည်း ဂရုမစိုက်၊ မြှောက်ပင့်လည်း အလေးမထားသူဖြစ်သည်။ ညံဖျင်းသည့် ခေါင်းဆောင်တွေကတော့ လူတွေ ချီးမွမ်း မြှောက်ပင့်မှုကို သာယာနေတတ်သည်။ သူ့မှာ အရည်အချင်းမရှိသောကြောင့်လည်း သူ့အနားတွင် “မှန်ပါ့ဘုရား” လုပ်ကာ ခစားနေသူတွေသာထားသည်။ တတိယခေါင်းဆောင်မျိုးမှာ လူတွေမုန်းတီးသည့် ခေါင်းဆောင်မျိုးဖြစ်သည်။
ခေါင်းဆောင်ကောင်းဆိုသည်မှာ အမိန့်တွေပေးပြီး ကြွားလုံးထုတ်နေတတ်သူမျိုးတွေမဟုတ်။ စနစ်တစ်ခုကို ပြီးမြောက်အောင်မြင်စေရန် ဖန်တီးပေးနေသည့်အတွက် အလုပ်တွေကပြီးမြောက်နေမည်သာဖြစ်သည်။ ပြည်သူတွေက ခေါင်းဆောင်လုပ်လို့ ပြီးမြောက်အောင်မြင်သွားတာဟုမထင်၊ ငါတို့စုပေါင်းညီညွတ်မှုကြောင့် ပြီးမြောက်အောင်မြင်သွားသည်ဟု ထင်စေရန် ကြံဆောင်ပေးတတ်သူသည်သာလျှင် ခေါင်းဆောင်ကောင်း ဖြစ်သည်။
ဒုတိယခေါင်းဆောင်မျိုးမှာ သူ့ကိုကြောက်၍ဖြစ်စေ၊ ကြည်ညို၍ဖြစ်စေ ဝိုင်းပြီး “မှန်လှပါဘုရား” လုပ်နေ သူတွေကိုသာ မျှော်လင့်တတ်သည်။ သူ့ကိုချီးမွမ်းခန်းဖွင့်နေသူတွေသည် သူ့မာန အတ္တ (Ego) ကိုကျွေးမွေး ခစားနေသူများဖြစ်ခြင်းကြောင့် ထိုသူမျိုးတွေနှင့် သာယာနေသည့် ခေါင်းဆောင်ကို လောင်ဇုက ဒုတိယအဆင့် ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
အဆိုးဆုံးခေါင်းဆောင်သည် သူ့လုပ်ရပ်ကို ပြည်သူတွေက မကြည်ဖြူဘဲ ကျိန်ဆဲ မုန်းတီးခြင်းကို ခံနေရသူများ ဖြစ်သည်။
ခေါင်းဆောင်ကောင်းဆိုသည်မှာ လေထုနှင့်တူသည်။ လူတိုင်း အသက်ရှူရန်လေကိုလိုအပ်သောကြောင့် လူတိုင်းထိုလေကို ရှူနေကြသော်လည်း လေရှိကြောင်း မည်သူမျှ သတိထားမိကြသည် မဟုတ်ပေ။ ခေါင်းဆောင်ဆိုးတွေကတော့ မီးခိုးနှင့်တူသည်။ လူတိုင်းကို အသက်ရှူကျပ်စေပြီး မျက်စိစပ်စေသည်။
CRT to ဆရာတင်ညွန့်
🌟 ကမ္ဘာပေါ်မှာ အကောင်းဆုံး သမားတော်ကြီး (၇) ဦး
(၁) နေရောင်ခြည်ကို ခံယူခြင်း
(၂) ပြည့်ဝစွာ အနားယူခြင်း
(၃) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသုံးခြင်း
(၅) မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးစွာ နေထိုင်ခြင်း
(၇) ကောင်းမွန်သော မိတ်ဆွေအပေါင်းအသင်း
ဒီသမားတော် (၇) ဦးကို လူ့သက်တမ်းတလျှောက် နှလုံးသွင်းပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်ကြပါနော်။
အချိန်တန်ရင်တော့ ကျွန်ုပ်တို့အားလုံးဟာ ဘဝကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာကြရမှာပါ။
ဒါကြောင့် အသက်ရှင်နေထိုင်စဉ်အတွင်းမှာ -
* သင့်မိသားစုကို နွေးထွေးစွာ ချစ်ပါ။
* မိတ်ဆွေသူငယ်ချင်းတွေကို တန်ဖိုးထား ချစ်ပါ။
* သင့်ဘဝလက်တွဲဖော်ကို ကြင်နာစွာ ချစ်ပါ။
* သင့်အပေါ် ကျေးဇူးရှိသူတွေကို အောက်မေ့စွာ ချစ်ပါ။
* သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်သလောက် ကူညီရိုင်းပင်းပေးကြပါ။
CRT…
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. , Kyaikkasan Road, Tamwe Township
Yangon
453
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |