Dear Health by Dr. Khoon
This page is to post health related articles written by Khoon Nyo Thway.
Most of the articles have been printed in Health Guide magazine and some are newly written ones.
"မိုးရွာပြီး ရေကြီးရေလျှံတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ"
မိုးတွင်းရောက်လာပြီဆိုရင် မိုးရွာတာက အေးမြပြီး စိတ်အေးချမ်းဖွယ် ကောင်းပေမယ့် မိုးသည်းထန်စွာ ဆက်တိုက်ရွာလာတဲ့အခါ လမ်းတွေရေမြုပ်တာ၊ အိမ်ထဲရေဝင်တာ၊ ရေကြီးတာတွေ ဖြစ်လာတတ်ပါတယ်။ ပြီးတဲ့နောက် ရေပြန်ကျသွားပြီဆိုပြန်ရင်လည်း တက်လာခဲ့တဲ့ ရေတွေဟာ အမှိုက်၊ မစင်၊ တိရစ္ဆာန်အညစ်အကြေး၊ ဓာတုပစ္စည်းတွေ၊ ပိုးမွှားတွေကို သယ်ဆောင်ထားခဲ့နိုင်တာကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်ရမှာတွေ အများကြီး ရှိပါတယ်။
ဒီတစ်ပတ်မှာတော့ မိုးရွာပြီး ရေကြီးတဲ့အခါ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်လဲဆိုတာ ပြောပြပေးပါမယ်။
၁။ ရေမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ
ရေကြီးတဲ့အခါ သုံးရေ သောက်ရေ ရေသန့်တွေ နဲ့ ရေဆိုး ရောနှောသွားတာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဒီလိုရေတွေကို သောက်မိတာ၊ ချက်ပြုတ်ရာမှာ သုံးမိတာ၊ ရေတွေက အစားအသောက် ညစ်ညမ်းသွားစေတာတွေကနေ
- ဝမ်းပျက်ဝမ်းလျှော
- အစာအိမ်နဲ့ အူလမ်းကြောင်းပိုးဝင်ခြင်း
- အစာအဆိပ်သင့်ခြင်း
- အသည်းရောင်အသားဝါ A (Hepatitis A)
- အူရောင်ငန်းဖျား (Typhoid)
စတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
🚨ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးတာက အသက်အန္တရာယ်အထိ ဖြစ်နိုင်တာကြောင့် ပိုပြီးသတိထားဖို့ လိုပါတယ်။
၂။ Leptospirosis (ကြွက်ဆီးပိုးရောဂါ)
မိုးရာသီမှာ အရေးကြီးဆုံး သတိထားရမယ့် ရောဂါတစ်ခုပါ။ ကြွက်၊ ခွေး၊ ဝက်၊ နွား စတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ညစ်ညမ်းနေတဲ့ ရေထဲကို ခြေထောက်အနာ၊ အရေပြားပေါက်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကနေ ပိုးဝင်နိုင်ပါတယ်။
အစပိုင်းမှာတော့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ မျက်လုံးနီရဲခြင်းလောက်ပဲ ဖြစ်နိုင်ပေမယ့် မကုသဘဲ နောက်ကျသွားရင် ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းထိခိုက်ခြင်း၊ အဆုတ်သွေးယိုခြင်းစတာတွေအထိ ဖြစ်နိုင်ပါတယ်။
alarm ရေထဲဆင်းလုပ်ကိုင်ရသူတွေ၊ ရေထဲကို လမ်းခဏခဏ ဖြတ်လျှောက်ရသူတွေ အထူးသတိထားသင့်တဲ့ ရောဂါပါ။
၃။ ခြေထောက်အနာ၊ အရေပြားပိုးဝင်ခြင်း
ရေထဲမှာ အချိန်ကြာကြာနေရင် ခြေထောက်ဖြူဖတ်လာခြင်း၊ အရေပြားယားယံခြင်း၊ မှိုစွဲခြင်း၊ Cellulitis (အရေပြားပိုးဝင်ခြင်း) တွေလည်း ဖြစ်နိုင်ပါသေးတယ်။ ခြေထောက်မှာ အနာသေးသေးလေး ရှိနေခဲ့ရင် ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
🚨 အထူးသဖြင့် ဆီးချိုရှိသူတွေ ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။
၄။ မြွေ၊ ကင်း နဲ့ ပိုးမွှားတွေ တက်လာနိုင်ပါတယ်။
ရေကြီးတဲ့အခါ မြွေ၊ ကင်း၊ ကင်းမြီးကောက်၊ ပင့်ကူ၊ ကြွက် စတဲ့ သတ္တဝါတွေဟာ သူတို့နေရာကနေ ထွက်ပြေးလာပြီး အိမ်ထဲ၊ အိမ်သာ၊ မီးဖိုချောင်၊ ပစ္စည်းပုံတွေနဲ့ ဖိနပ်တွေရဲ့အတွင်းမှာ ပုန်းနေတတ်ပါတယ်။
အဲဒါကြောင့်
- ဖိနပ်မစီးဘဲ မလမ်းလျှောက်ပါနဲ့။
- ဖိနပ်မစီးခင် အတွင်းကို လှန်စစ်ပါ။
- ပစ္စည်းတွေကို လက်မထည့်ခင် အရင်ကြည့်ပါ။
မြွေကိုက်တာ၊ ကင်းကိုက်တာ ဖြစ်ပွာရင် ဆေးရုံကို အမြန်ဆုံး သွားဖို့ လိုပါတယ်။
၅။ ဒဏ်ရာရနိုင်တဲ့ အန္တရာယ်
ရေကြီးနေတဲ့ လမ်းတွေထဲမှာ၊ ရေဖုံးနေတဲ့ မြောင်းအပေါက်၊ သံချောင်း၊ မှန်ကွဲစနဲ့ သစ်သားချွန်တွေကို မမြင်နိုင်တာကြောင့် ချော်လဲတာ၊ ခြေထောက်ကို ထိုးမိတာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ အရိုးကျိုးတာတွေ ဖြစ်နိုင်ပါတယ်။
ဒဏ်ရာရရင် ရေသန့်နဲ့ ချက်ချင်းဆေးကြောပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။
၆။ ခြင်ပေါက်ပွားပြီး ကူးစက်ရောဂါများ တိုးလာနိုင်ပါတယ်
ရေတင်ကျန်နေတဲ့ နေရာတွေဟာ ခြင်ပေါက်ပွားဖို့ အကောင်းဆုံး နေရာတွေပါ။ အဲဒီကနေ သွေးလွန်တုပ်ကွေး၊ Chikungunya၊ Zika လို ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ရေတင်မကျန်အောင် လုပ်ဖို့၊ ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။
၇။ အအေးမိ၊ တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းရောဂါများ
မိုးရေစိုနေတဲ့ အဝတ်အစားကို ကြာကြာဝတ်ထားတာ၊ အေးတဲ့နေရာမှာ အချိန်ကြာကြာ နေတာတွေက အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာ၊ ချောင်းဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းသူတွေမှာ ပိုမိုပြင်းထန်နိုင်လို့ ဂရုစိုက်ရပါမယ်။
၈။ မှိုတက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာ
ရေဝင်ခဲ့တဲ့ အိမ်တွေရဲ့ နံရံ၊ ကြမ်းခင်း၊ ပရိဘောဂတွေမှာ မှိုတက်လာနိုင်ပါတယ်။ ဒီမှိုတွေကြောင့်…
နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားခြင်း၊ ရင်ကျပ်ရောဂါ ပိုဆိုးလာခြင်းတွေ ဖြစ်နိုင်ပါတယ်။
၉။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
ရေကြီးပြီး ( ဥပမာ မုန်တိုင်းကြောင့်) အိမ်ပျက်စီးခြင်း၊ ပစ္စည်းဆုံးရှုံးခြင်း၊ စီးပွားရေးထိခိုက်ခြင်း တွေ ကြုံရတဲ့အခါ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
🚨 စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။
အဲဒီတော့ ရေကြီး ရေလျှံပြီးတဲ့အခါ ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ကြမလဲ။
- သန့်ရှင်းသောရေကို သောက်ပါ။ ရေတွေ မသန့်ခဲ့ရင် ကျိုချက်ပြီးမှ သောက်ပါ။
- ရေထဲကို မလိုအပ်ဘဲ မဆင်းပါနဲ့။ ရေထဲဆင်းရမယ်ဆိုရင် ရာဘာဖိနပ်၊ ဘွတ်ဖိနပ်၊ လက်အိတ် ဝတ်ဆင်ပါ။
- ခန္ဓာကိုယ်မှာ ( အဓိကက လက်၊ ခြေထောက်တို့မှာ) ဒဏ်ရာရှိရင် ရေထဲမဆင်းပါနဲ့။
- ရေထဲက ပြန်လာတာနဲ့ ဆပ်ပြာနဲ့ ရေချိုးပါ။
- အစားအသောက်ကို သေချာကျက်အောင် ချက်ပြုတ် စားသောက်ပါ။
- ခြင်မပေါက်ပွားအောင် ရေတင်မကျန်ခဲ့စေရန် ဂရုစိုက်ပြီး ကျန်နေခဲ့ရင် စီးဆင်းအောင် လုပ်ပါ။
- ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးနည်းခြင်း၊ အသက်ရှူခက်ခြင်း၊ ပြင်းထန်တဲ့ ကြွက်သားကိုက်ခဲခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံကို အမြန်ဆုံး သွားပါ။
#ခွန်းညိုသွေး
23/07/2026
Manulife က ကျင်းပတဲ့ Health and Financial wellness seminar မှာ ကျွန်တော် Guest Speaker အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။
မိတ်ဆွေများ တက်ရောက်ချင်တယ်ဆိုရင် ဖိတ်ကြားပါတယ်နော်။ 🙏💚
လာမယ့် စနေနေ့ နေ့လယ် ၁နာရီကနေ ၃နာရီ
Manulife HeadOffice
Kantharyar Office Tower
16/07/2026
"ကလေးတွေ ဖျားလို့ ဆေးခန်းပြတဲ့အခါတိုင်း တင်ပါးထိုးဆေး (IM Injection) ထိုးဖို့ လိုအပ်သလား။"
မိုးရာသီရောက်လာပြီဆိုရင် ကလေးတွေ ဖျားနာတာကို မိဘတော်တော်များများ ကြုံရပါတယ်။ အအေးမိတာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ လည်ချောင်းနာတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အဖျားကြီးနိုင်ပါတယ်။ တကယ်တော့ ကလေးတွေမှာ ခဏခဏ ဖျားတတ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ဒါပေမယ့် ကလေးဖျားလာတာနဲ့ “တင်ပါးဆေးတစ်လုံး ထိုးလိုက်ရင် အမြန်ကောင်းမယ်” လို့ ယူဆနေကြတဲ့ မိဘတွေလည်း ရှိနေတုန်းပါပဲ။
🚨 တကယ်တော့ ကလေးတွေကို အဖျားကျစေဖို့အတွက် တင်ပါးဆေး (Intramuscular Injection) ထိုးဖို့ မလိုအပ်ပါဘူး။
၁။ ကလေးဖျားရင် ဘယ်လိုကုသရမလဲ။
ကလေးဖျားတဲ့အခါ အဓိကလုပ်ရမှာက အဖျားကို သက်သာအောင် ထိန်းပေးခြင်း ဖြစ်ပါတယ်။အများအားဖြင့်တော့ အသက်အလိုက် သင့်တော်တဲ့ Paracetamol syrup သို့မဟုတ် Ibuprofen syrup (အသက် ၆ လကျော်ကလေးများမှာ ဆရာဝန်ညွှန်ကြားချက်နဲ့) တိုက်ပေးနိုင်ပါတယ်။ ကလေးက အန်နေတယ်၊ ဆေးမသောက်နိုင်ဘူး၊ ဒါမှမဟုတ် အဖျားအရမ်းကြီးနေလို့ သောက်ဆေးမဝင်နိုင်တဲ့ အခြေအနေမျိုးဆိုရင်တောင် Paracetamol suppository ဂြိုဟ်တူတောင့်ထည့်တာ ကို အသုံးပြုနိုင်ပါတယ်။ အဲဒီလို သောက်ဆေးနဲ့ suppository တွေကပဲ အဖျားကျစေဖို့ လုံလောက်တဲ့ ကုသမှုဖြစ်နိုင်တဲ့ အခြေအနေပါ။
၂။ "ဆေးထိုးလိုက်ရင် ပိုမြန်တယ်” ဆိုတာ အမှန်လား။
တော်တော်များများမှာ “ဆေးထိုးရင် ပိုအစွမ်းထက်တယ်၊ ပိုမြန်တယ်” လို့ ထင်ကြပါတယ်။
🚨 အဖျားကျစေတဲ့ ဆေးကို ထိုးလိုက်တာနဲ့ ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။ ခဏပဲ သက်သာတာပါ။
အဖျားဆိုတာ ရောဂါတစ်ခု မဟုတ်ဘဲ ခန္ဓာကိုယ်က ရောဂါပိုးကို တုံ့ပြန်နေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးလိုက်ရုံနဲ့ ရောဂါပျောက်သွားတာ မဟုတ်သလို၊ သောက်ဆေးထက် အမြဲတမ်း ပိုကောင်းတယ်လို့လည်း မဆိုနိုင်ပါဘူး။
၃။ ကလေးတွေကို တင်ပါးဆေးထိုးရင် ဘာအန္တရာယ်တွေ ရှိနိုင်လဲ။
တင်ပါးဆေးထိုးတာဟာ ရိုးရိုးထင်သလောက် မလွယ်ကူပါဘူး။ အခန့်မသင့်ရင်…
- ဆေးထိုးတဲ့နေရာ နာကျင်ရောင်ရမ်းခြင်း
- မလိုအပ်တဲ့ နာကျင်မှု ဖြစ်စေတယ်။ IM injection က ကလေးအတွက် နာကျင်ပြီး ကြောက်ရွံ့စေတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ မလိုအပ်ဘဲ ဆေးထိုးခြင်းက ကလေးရဲ့ စိတ်ဖိစီးမှုကိုလည်း တိုးစေပါတယ်။
- တင်ပါးမှာရှိတဲ့ sciatic nerve အာရုံကြောကို အခန့်မသင့် ထိခိုက်မိရင် ခြေထောက်ထုံခြင်း၊ အားနည်းခြင်း၊ လမ်းလျှောက်ခက်ခြင်း၊ ရှားပါးပေမယ့် အမြဲတမ်းအာရုံကြောထိခိုက်မှု တို့ ဖြစ်နိုင်ပါတယ်။
- ဆေးထိုးတဲ့နေရာမှာ ပိုးဝင်ခြင်း (Injection site infection)၊ အနာပြည်တည်ခြင်း (Abscess)၊ Cellulitis တို့ ဖြစ်နိုင်ပြီး တချို့လူနာတွေမှာ ခွဲစိတ်ကုသရတဲ့အထိ ဖြစ်နိုင်ပါတယ်။
- သွေးယိုခြင်း၊ သွေးခဲခြင်း
- IM injection ကြောင့် ကြွက်သားရောင်ရမ်းခြင်း၊ ကြွက်သားပျက်စီးခြင်း (muscle injury) ဖြစ်နိုင်ပါတယ်။
- ရှားပါးပေမယ့် ဆေးမတည့်ခြင်း (Allergic reaction) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
🚨 အထူးသဖြင့် ကလေးငယ်တွေမှာ တင်ပါးကြွက်သားက မဖွံ့ဖြိုးသေးတာကြောင့် တင်ပါးကို IM injection ထိုးဖို့ ပိုပြီး သတိထားရပါတယ်။ မလိုအပ်ဘဲ ထိုးသင့်တဲ့ အခြေအနေ မဟုတ်ပါဘူး။
မွေးကင်းစနဲ့ ကလေးငယ်တွေမှာ တင်ပါးကြွက်သား (gluteal muscle) က မဖွံ့ဖြိုးသေးတာကြောင့် ဆေးစုပ်ယူမှု မမှန်နိုင်သလို အာရုံကြောထိခိုက်နိုင်ခြေလည်း ပိုများပါတယ်။ ထို့ကြောင့် ကလေးငယ်တွေမှာ တင်ပါး IM injection ကို ယေဘုယျအားဖြင့် ရှောင်ကြဉ်ကြပါတယ်။
၄။ ကလေးအဖျားကြီးရင် အိမ်မှာ ဘာလုပ်ပေးနိုင်မလဲ?
မိဘတွေအနေနဲ့ အရင်ဆုံး…
- အဖျားတိုင်းပေးပါ။
- အသက်အလိုက် သင့်တော်တဲ့ အဖျားကျဆေးကို မှန်ကန်တဲ့ ပမာဏနဲ့ တိုက်ပေးပါ။
- ရေလုံလောက်အောင် တိုက်ပါ။
- မိခင်နို့ တိုက်တဲ့ ကလေးဆိုရင် မကြာခဏ နို့တိုက်ပါ။
- ပေါ့ပေါ့ပါးပါး အဝတ်ကို ဝတ်ဆင်ပေးပါ။
- အခန်းကို လေဝင်လေထွက်ကောင်းအောင် ထားပါ။
- ကလေးကို အနားယူစေပါ။
(အရက်နဲ့ပွတ်တာ၊ ရေခဲကပ်တာ၊ အရမ်းအေးတဲ့ရေနဲ့ ရေချိုးပေးတာတွေကိုတော့ မလုပ်သင့်ပါဘူး။)
၅။ ဘယ်အချိန်မှာ ဆရာဝန်ကို ပြသင့်လဲ။
အောက်ပါအခြေအနေတွေ ရှိရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားသင့်ပါတယ်။
- အသက် ၃ လအောက်ကလေးဖြစ်ပြီး အဖျားတက်ခြင်း
- အဖျားကြီးပြီး မကျခြင်း
- တက်ခြင်း (Convulsion)
- အသက်ရှူမြန်ခြင်း၊ အသက်ရှုရခက်ခဲခြင်း
- ရေမသောက်နိုင်ခြင်း၊ အလွန်အမင်း အော့အန်မျခြင်း
- အိပ်ငိုက်လွန်း မှိန်းလွန်းနေခြင်း၊ မနိုးနိုင်လောက်အောင် ငိုက်နေခြင်း
- ခန္ဓာကိုယ်မှာ အဖုအပိန့်များ ထွက်လာခြင်း
- မိဘအနေနဲ့ ကလေးအခြေအနေကို စိုးရိမ်စရာလို့ ထင်ရင်လည်း ဆရာဝန်ကို ပြသသင့်ပါတယ်။
ဆရာဝန်တွေအနေနဲ့လည်း တချို့မိဘတွေက “ဆေးထိုးပေးပါ ဆရာ၊ ဆေးထိုးမှ စိတ်ချရတယ်” လို့ တောင်းဆိုတတ်ကြပါတယ်။
🚨 ဒါပေမယ့် လူနာအတွက် မလိုအပ်တဲ့ ဆေးထိုးကုသမှုကို မိဘစိတ်ကျေနပ်အောင်ဆိုပြီး လုပ်ပေးတာထက်၊ လိုအပ်တဲ့ ကုသမှုကိုသာ ရွေးချယ်ပေးတာက ပိုပြီး မှန်ကန်တဲ့ ဆေးကုသမှုပဲ ဖြစ်ပါတယ်။
🚨 ကလေးဖျားတိုင်း တင်ပါးဆေးထိုးရမယ်ဆိုတဲ့ အယူအဆက မှားယွင်းပါတယ်။
အများစုသော ကလေးတွေမှာ အဖျားကျဆေးအရည် (Syrup) သို့မဟုတ် Suppository နဲ့ပဲ လုံလောက်စွာ ကုသနိုင်ပါတယ်။
ဒါကြောင့် ကလေးဖျားတိုင်း “ဆေးထိုးမှကောင်းမယ်” လို့ မယူဆဘဲ၊ သင့်တော်တဲ့ အဖျားကုသမှုကို ရွေးချယ်ပြီး လိုအပ်တဲ့အချိန်မှာ ဆရာဝန်နဲ့ ကုသခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
#ခွန်းညိုသွေး
09/07/2026
"မိုးရာသီမှာ သတိထားသင့်တဲ့ Leptospirosis ရောဂါ" (ကြွက်သေး (ကြွက်ဆီး) ကနေ ကူးစက်တတ်တဲ့ ရောဂါ)
မိုးရာသီရောက်ပြီဆိုရင် အအေးမိ၊ တုပ်ကွေး၊ သွေးလွန်တုပ်ကွေးတို့လို ရောဂါတွေကိုပဲ လူအများ သတိထားတတ်ကြပါတယ်။ ဒါပေမယ့် မိုးရာသီမှာ တကယ်သတိထားသင့်တဲ့ ရောဂါတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်) လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ကူးစက်တဲ့ ရောဂါပါ။
ရောဂါအစပိုင်းမှာ သွေးလွန်တုပ်ကွေး၊ တုပ်ကွေး၊ COVID-19၊ အူငန်းဖျား စတဲ့ရောဂါတွေနဲ့ အလွန်ဆင်တူနေလို့ အလွယ်တကူ မှားနိုင်တဲ့ရောဂါလည်း ဖြစ်ပါတယ်
၁။ မိုးရာသီမှာ Leptospirosis ကို ဘာလို့ သတိထားသင့်တာလဲ။
Leptospirosis ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ စိုစွတ်တဲ့ပတ်ဝန်းကျင်နဲ့ ရေဝပ်နေတဲ့နေရာတွေမှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်နိုင်ပါတယ်။
မိုးရွာပြီး ရေကြီးတဲ့အချိန်၊ ရေဝပ်နေတဲ့လမ်းတွေထဲ လမ်းလျှောက်တာ၊ လယ်ယာလုပ်ငန်းလုပ်တာ၊ ရေထဲဆင်းပြီး အလုပ်လုပ်တာတွေက ရောဂါကူးစက်နိုင်ခြေကို ပိုမြင့်တက်စေပါတယ်။
ရေတွေမှာ ကြွက်၊ နွား၊ ဝက်၊ ခွေး စတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ညစ်ညမ်းထားတဲ့အခါ ကူးစက်နိုင်ခြေ ပိုများပါတယ်။ အထူးသဖြင့် ဂိုထောင်တွေ ရုံးခန်းတွေမှာ မိုးရေနဲ့အတူ စီးဆင်းလာတဲ့ ကြွက်သေးပါ။
၂။ ဘာလို့ တခြားရောဂါတွေနဲ့ ရောပြီး မှားတတ်တာလဲ။
Leptospirosis ရဲ့ အစောပိုင်းလက္ခဏာတွေက ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း နဲ့ မအီမသာဖြစ်ခြင်းစတာတွေ ဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေး၊ တုပ်ကွေး၊ COVID-19၊ အူရောင် ငန်းဖျား၊ ငှက်ဖျားရောဂါ တို့နဲ့ အလွန်ဆင်တူပါတယ်။
ဒါကြောင့် မိုးရာသီမှာ ဖျားပြီး ရေထဲဆင်းဖူးတာ၊ ရေကြီးတဲ့နေရာသွားဖူးတာ၊ ရုံးခန်း နေအိမ်တွေ ရေကြီးဖူးတာ၊ လယ်ယာအလုပ်လုပ်ကိုင် ဖူးတာ ရှိရင် Leptospirosis ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
၃။ Leptospirosis ဆိုတာ ဘာလဲ။
Leptospirosis ဟာ Leptospira လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါပါ။ ရောဂါပိုးကို အများဆုံး သယ်ဆောင်တဲ့ တိရစ္ဆာန်ကတော့ ကြွက် ဖြစ်ပါတယ်။ ဒါပေမယ့် နွား၊ ဝက်၊ ခွေး၊ မြင်း စတဲ့ တိရစ္ဆာန်တွေလည်း ရောဂါပိုး သယ်ဆောင်နိုင်ပါတယ်။
၄။ ဘယ်လို ကူးစက်သလဲ။
ရောဂါပိုးပါတဲ့ တိရစ္ဆာန်ရဲ့ ဆီးနဲ့ ညစ်ညမ်းထားတဲ့ ရေ၊ မြေ၊ ရွှံ့တွေနဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ အနာရှိရင်၊ အရေပြားပေါက်နေတဲ့နေရာကနေဖြစ်စေ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်လို အချွဲအမြှေးပါး (mucous membranes) ကနေဖြစ်စေ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။
လူတစ်ယောက်ကနေ တစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။
၅။ ဘယ်လို ရောဂါ လက္ခဏာတွေနဲ့ လာတတ်လဲ။
ရောဂါပိုးဝင်ပြီး ၂ ရက်ကနေ ၁လအတွင်း လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။
တွေ့ရများတဲ့ လက္ခဏာတွေကတော့အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း (အထူးသဖြင့် ခြေသလုံးနဲ့ ခါး)၊ မျက်လုံးနီခြင်း၊ ချမ်းတုန်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
တချို့လူနာတွေမှာ ရောဂါသက်သာသလို ဖြစ်ပြီး နောက်ပိုင်းမှာမှ ပြင်းထန်တဲ့အဆင့်ကို ထပ်မံရောက်ရှိ သွားတာလည်း ရှိနိုင်ပါတယ်။
၆။ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။
အချိန်မီ မကုသရင် ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းထိခိုက်ပြီး အသားဝါခြင်း၊ အဆုတ်သွေးယိုခြင်း၊ အသက်ရှူမဝခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ သွေးဆိပ်တက်ခြင်း အပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း
အထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။
၇။ ဘာတွေ စစ်ဆေးရမလဲ။
ဆရာဝန်က ရောဂါလက္ခဏာ၊ ရေထဲဆင်းခဲ့တဲ့ ရာဇဝင်၊ အလုပ်အကိုင်နဲ့ ထိတွေ့မှုအခြေအနေကို အရင်မေးမြန်းပါလိမ့်မယ်။ လိုအပ်ရင် သွေးစစ်ဆေးမှုများ၊ ဆီးစစ်ဆေးခြင်းနဲ့ Leptospiraပိုး ကို အတည်ပြုနိုင်တဲ့ သွေးစစ်ခြင်း (antibody test)တွေကို စစ်ဆေးနိုင်ပါတယ်။
၈။ ဘယ်လို ကုသလို့ရလဲ။
Leptospirosis ဟာ ပဋိဇီဝဆေး (Antibiotics) နဲ့ ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါအစောပိုင်းမှာ ကုသနိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
ရောဂါပြင်းထန်ရင်တော့ ဆေးရုံတက်ကုသရနိုင်ပါတယ်။ ဆေးကို ကိုယ့်ဘာသာ မဝယ်သောက်ဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်ပါတယ်။
၉။ ဘယ်လို ကာကွယ်ရမလဲ။
Leptospirosis ကို ကာကွယ်ဖို့
- ရေဝပ်၊ ရေကြီးတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
- မဖြစ်မနေ ဆင်းရမယ်ဆိုရင် ဘွတ်ဖိနပ်၊ လက်အိတ် စတဲ့ အကာအကွယ်ပစ္စည်းတွေ အသုံးပြုပါ။
- အရေပြားမှာ အနာရှိရင် ရေထဲမဆင်းခင် သေချာဖုံးအုပ်ထားပါ။
- ရေထဲဆင်းပြီးရင် ဆပ်ပြာနဲ့ ရေသန့်သုံးပြီး ကိုယ်လက်ကို သေချာဆေးကြောပါ။
- အစားအစာနဲ့ သောက်ရေကို ကြွက်မဝင်နိုင်အောင် သေချာသိမ်းဆည်းပါ။
- အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပြီး ကြွက်ပေါက်ဖွား ပွားများမှုကို ထိန်းချုပ်ပါ။
မိုးရာသီမှာ ဖျားနာတိုင်း သွေးလွန်တုပ်ကွေးပဲ မဟုတ်ပါဘူး။
ရေကြီးတဲ့နေရာ၊ ရေဝပ်တဲ့နေရာတွေထဲ သွားဖူးတာ၊ လယ်ယာလုပ်ငန်းလုပ်ဖူးတာ၊ ကြွက်ဆီးနဲ့ ညစ်ညမ်းနိုင်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့တာ ရှိပြီး အဖျားတက်လာရင် Leptospirosis ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။
ဒါကြောင့် မိုးရာသီမှာ အဖျားတက်လာရင် ပေါ့ပေါ့ဆဆ မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်စစ်ဆေးဖို့ အရေးကြီးပါတယ်။
#ခွန်းညိုသွေး
01/07/2026
“သွေးလွန်တုပ်ကွေး နဲ့ ပတ်သက်ပြီး မိဘတွေ အမေးများတဲ့ မေးခွန်း ၅ ခု "
မိုးရာသီရောက်လာတိုင်း သွေးလွန်တုပ်ကွေး (Dengue Fever) ကို မိဘတိုင်း စိုးရိမ်ကြပါတယ်။
“ဘာလို့ ကလေးတွေမှာ ပိုဖြစ်တာလဲ?”
“လူကြီးတွေ မဖြစ်ဘူးလား?”
“ဖျားပြီး ၃ ရက်လောက် စစ်တာ မပေါ်ဘူးဆိုတာ ဘာကြောင့်လဲ?”
ဒီလို မေးခွန်းတွေကို တစ်စုတစ်စည်းတည်း ဖြေပေးလိုက်ပါတယ်။
၁။ ကလေးတွေမှာ ဘာလို့ သွေးလွန်တုပ်ကွေး ပိုဖြစ်ဖို့ လွယ်တာလဲ
တကယ်တော့ သွေးလွန်တုပ်ကွေးက ကလေးတွေသာ ဖြစ်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကလေးတွေမှာ ပိုတွေ့ရတာက -
🔹 ခြင်ကိုက်ခံရတာ ပိုများတတ်ခြင်း
🔹 ကျောင်း၊ ကစားကွင်း၊ နေအိမ်ပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေနဲ့ ထိတွေ့မှုများခြင်း
🔹 ကိုယ်ခံအားစနစ်က လူကြီးတွေလို အပြည့်အဝ မဖွံ့ဖြိုးသေးခြင်း
စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
၂။ ကလေးတွေမှာ ဘာဖြစ်လို့ ပိုပြင်းထန်တာလဲ
ကလေးတွေမှာ သွေးကြောအတွင်းက အရည်တွေ စိမ့်ထွက်လွယ်ပြီး ရေဓာတ်ဆုံးရှုံးမှု မြန်တတ်ပါတယ်။
ဒါကြောင့်
🔸 သွေးပေါင်ကျခြင်း
🔸 Shock ဝင်ခြင်း
🔸 အသက်ရှူခက်ခြင်း
တို့လို ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ဖျားတာ ကျသွားတဲ့ နေ့တွေ (Day 3 - Day 7 ဝန်းကျင်) က အန္တရာယ်အများဆုံး အချိန်ဖြစ်လို့ “ဖျားကျပြီဆို သက်သာသွားပြီ” လို့ မယူဆသင့်ပါဘူး။
၃။ လူကြီးတွေ သွေးလွန်တုပ်ကွေး ဖြစ်နိုင်လား။ ဖြစ်ရင် စိုးရိမ်ရလား
ဖြစ်နိုင်ပါတယ်။
လက်ရှိမှာ လူကြီးတွေမှာလည်း Dengue ကို မကြာခဏ တွေ့နေရပါတယ်။
လူကြီးတွေမှာ ဖြစ်ရင်
🔹 အဖျားကြီးခြင်း
🔹 ခေါင်းကိုက်ခြင်း
🔹 မျက်လုံးနောက်ဘက် နာကျင်ခြင်း
🔹 ကြွက်သားနဲ့ အဆစ်အမြစ် ကိုက်ခဲခြင်း
🔹 အန်ခြင်း၊ စားမဝင်ခြင်း
တွေ ဖြစ်နိုင်ပါတယ်။
တချို့လူကြီးတွေမှာလည်း သွေးယိုခြင်း၊ Shock ဝင်ခြင်း၊ ကိုယ်အင်္ဂါ ထိခိုက်ခြင်းတွေ ဖြစ်နိုင်တဲ့အတွက် ပေါ့ဆလို့ မရပါဘူး။
အထူးသဖြင့်
✔ ကိုယ်ဝန်ဆောင်များ
✔ အသက်ကြီးသူများ
✔ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူများ
မှာ ပိုသတိထားဖို့ လိုပါတယ်။
၄။ ကလေးဖျားရင် ဘယ်နှရက်လောက်အထိ သွေးလွန်တုပ်ကွေးကို စောင့်ကြည့်ရမလဲ။
အနည်းဆုံး ဖျားတဲ့ ပထမနေ့ကနေ ၇ ရက်အထိ သတိထား စောင့်ကြည့်သင့်ပါတယ်။
အထူးသဖြင့် Day 3 မှ Day 7 အတွင်းမှာ
⚠️ ဗိုက်နာခြင်း
⚠️ အန်တာများခြင်း
⚠️ အရမ်းနုံးခြင်း
⚠️ လက်ခြေ အေးလာခြင်း
⚠️ သွေးယိုခြင်း (သွားဖုံး၊ နှာခေါင်း၊ ဆီး၊ ဝမ်း)
⚠️ ရေမသောက်နိုင်ခြင်း
စတဲ့ လက္ခဏာတွေ ရှိလာရင် ဆေးရုံကို ချက်ချင်း ပြသသင့်ပါတယ်။
၅။ ဖျားပြီး ၃ ရက်လောက် စစ်တာ မပေါ်ဘူးဆိုတာ ဘာကြောင့်လဲ
ဒါက မိဘတွေ အများဆုံး စိတ်ရှုပ်ရတဲ့ အချက်ပါ။
သွေးလွန်တုပ်ကွေး စစ်ဆေးတဲ့ Test အမျိုးအစားပေါ် မူတည်ပြီး ရလဒ်က ကွာနိုင်ပါတယ်။
ဖျားစကာလမှာ စစ်ရင် Virus ပမာဏ မလုံလောက်သေးလို့ Negative ထွက်နိုင်ပါတယ်။
တချို့ Test တွေက ဖျားပြီး ၁ ရက်မှ ၅ ရက်အတွင်း ပိုတိကျပြီး၊ တချို့ Test တွေကတော့ ၅ ရက်ကျော်မှ ပိုပေါ်လာပါတယ်။
ဒါကြောင့်
“တစ်ခါစစ်ပြီး မတွေ့ဘူး = Dengue မဟုတ်ဘူး”
လို့ အတည်မယူသင့်ပါဘူး။
ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း လိုအပ်ရင် ထပ်စစ်ဖို့ လိုနိုင်ပါတယ်။
မိဘတွေ သိထားသင့်တဲ့ အရေးကြီးဆုံး အချက်
သွေးလွန်တုပ်ကွေးမှာ အန္တရာယ်အများဆုံး အချိန်က အဖျားကျတဲ့ အချိန် ဖြစ်တတ်ပါတယ်။
ဒါကြောင့်
“အဖျားကျသွားပြီ၊ သက်သာသွားပြီ”
လို့ မထင်ဘဲ Day 3 မှ Day 7 အတွင်း ကလေးရဲ့ အခြေအနေကို သေချာ စောင့်ကြည့်ပေးဖို့ လိုပါတယ်။
စောစောသိ၊ စောစောကုသနိုင်ရင် သွေးလွန်တုပ်ကွေးကြောင့် ဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို များစွာ လျှော့ချနိုင်ပါတယ်။
#ခွန်းညိုသွေး
24/06/2026
Click here to claim your Sponsored Listing.