Oval Legal Consultancy & Translation Company Ltd
Legal Knowledge Sharing
25/01/2026
"စီးသည့်ရေ ဆည်သည့်ကန်သင်း" — ဇနီးသည်က အိမ်မှာပဲနေတာ၊ ခင်ပွန်းရှာသမျှ ပစ္စည်းတွေအပေါ်မှာ တစ်ဝက်ပိုင်ခွင့် ရှိပါသလား? 🤔📑
💏
မြန်မာ့ဓလေ့မှာ အိမ်ထောင်ပြုတယ်ဆိုတာ ဘဝချင်းတင်မက ပိုင်ဆိုင်မှုချင်းပါ ပေါင်းစပ်လိုက်တာပါ။ အခြားဘာသာဝင်တွေနဲ့မတူဘဲ မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ လင်ပိုင်ရင် မယားပိုင်၊ မယားပိုင်ရင် လင်ပိုင်တဲ့ "အတူပိုင်ဆိုင်ခွင့်" ဆိုတာ ရှိပါတယ်။
၁။ အိမ်ထောင်မပြုခင်က ပစ္စည်းတွေ ဘာဖြစ်မလဲ? (ပါရင်း နှင့် အထက်ပါ)
ပါရင်းပစ္စည်း: အိမ်ထောင်ပြုတဲ့အခါ ပါလာတဲ့ပစ္စည်းကို ကျန်တစ်ဦးက (၁/၃) သုံးပုံတစ်ပုံ အကျိုးခံစားခွင့် ရှိလာပါတယ်။
အထက်ပါပစ္စည်း: အိမ်ထောင်ဟောင်းက ပါလာရင်တော့ အသက်ရှင်စဉ်မှာ နှစ်ဦးပိုင်မဖြစ်ပေမယ့်၊ ကွယ်လွန်တဲ့အခါမှာတော့ အမွေဆက်ခံခွင့် ရှိပါတယ်။
၂။ ရှာသူနှင့် ထိန်းသူ၏ တန်ဖိုး (နိဿယ နှင့် နိဿိတ)
အိမ်ထောင်တစ်ခုမှာ ခင်ပွန်းကပဲ ရှာဖွေပြီး ဇနီးက အိမ်မှုကိစ္စပဲ လုပ်နေရတယ်ဆိုပါစို့။ ဥပဒေအရ "ရှာသူက ပိုရရမယ်" လို့ ထင်စရာရှိပေမယ့် စီရင်ထုံးတွေကတော့ အင်မတန် ရသမြောက်ပါတယ်။
"စီးသည့်ရေ ဆည်သည့်ကန်သင်းပမာ စီးပွားရှာရသူက ရှာပြီး အိမ်ထောင်ထိန်းသိမ်းသူက ထိန်းသိမ်းမှ စုဆောင်းမိမည်ဖြစ်၍... လင်နှင့်မယား အညီအမျှ အကျိုးခံစားခွင့်ရှိသည်" ဟု (မခင် နှင့် မောင်ဖိုးစိန်၊ ၆၊ ရန်ကုန် ၁) အမှုမှာ ဆုံးဖြတ်ခဲ့ပါတယ်။
၃။ အခြားဘာသာဝင်နှင့် လက်ထပ်ထားလျှင်ကော?
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးဟာ အခြားဘာသာဝင် အမျိုးသားတစ်ဦးနဲ့ လက်ထပ်ထားရင်တောင် ၁၉၅၄ ခုနှစ် အထူးထိမ်းမြားမှုအက်ဥပဒေ (ပုဒ်မ ၂၆) အရ မိမိတို့ရဲ့ အမွေဆက်ခံမှုကိစ္စတွေကို မြန်မာ့ဓမ္မသတ်အတိုင်းပဲ ဆုံးဖြတ်ရမှာဖြစ်လို့ အမျိုးသမီးတွေအတွက် အကာအကွယ် အပြည့်ရှိပါတယ်။ (ဒေါ်စောရင် နှင့် မောင်ကြည် စီရင်ထုံး)
မြန်မာ့ဥပဒေဟာ ဇနီးသည်တွေရဲ့ အိမ်တွင်းမှုလုပ်ငန်းဆောင်တာတွေကို "တန်ဖိုးမဲ့" လို့ မသတ်မှတ်ဘဲ ခင်ပွန်းနဲ့အညီ တန်ဖိုးထားပေးထားတာဟာ ဂုဏ်ယူစရာ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။
📑 ကိုးကားချက်များ:
ဦးမြစိန် (၂၀၁၁)၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ။
တရားမစီရင်ထုံးများ (မခင် နှင့် မောင်ဖိုးစိန်၊ ချစ်တီးကုန်တိုက် နှင့် မပု၊ ဒေါ်စောရင် နှင့် မောင်ကြည်)။
အိမ်ထောင်ရေးပစ္စည်းခန်းနှင့်စပ်လျဥ်း၍ အခြားသိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
👇👇
Ovallegal
Ph- 09450542734
#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ #အိမ်ထောင်ရေးနှင့်ဥပဒေ #စီရင်ထုံး
20/01/2026
ဥပဒေ၏ ချိန်ခွင်လျှာနှင့် ရက်ပေါင်း (၃၀) ၏ ကံကြမ္မာ" ⚖️🍂
"ကျွန်တော် ငွေပေးဖို့ အဆင်သင့်ပါပဲ၊ ၃ ရက်လေးပဲ နောက်ကျသွားတာပါ..." ဆိုသည့် တိုးလျှိုးသံသည် တရားရုံး၏ အေးစက်သော နံရံများရှေ့တွင် ပဲ့တင်ထပ်ရုံမျှသာ ရှိခဲ့သည်။ ဥပဒေ၏ ကမ္ဘာတွင် တစ်ခါတစ်ရံ၌ 'အချိန်' သည် နှလုံးသွေးထက်ပင် အရေးပါနေတတ်သည်ကို ထိုသူတို့ သိရှိသွားချိန်တွင်တော့ အရာအားလုံး နောက်ကျခဲ့ပြီ ဖြစ်သည်။
စိတ်ကူးကြည့်လိုက်ပါ... သင့်မိသားစု မျိုးဆက်ပေါင်းများစွာ သွေးချွေးနှင့် ရင်းနှီးတည်ဆောက်ခဲ့သော၊ အမှတ်တရများစွာ ခိုအောင်းနေသည့် " ဧည့်ရိပ်မွန်" ကြီးသည် သူစိမ်းတစ်ယောက်၏ လက်ထဲသို့ လေလံဖြင့် ပါသွားခဲ့ပြီ။ သင်က ဒီကရီကျငွေ အပြည့်အဝဖြင့် ပြန်ရွေးရန် အသင့်ရှိနေပါလျက်နှင့် "၃ ရက်လေး" နောက်ကျသွားခြင်းကြောင့် ထိုအိမ်ကြီးကို ထာဝရ လက်လွှတ်လိုက်ရမည်ဆိုလျှင်... သင် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်ရမလဲ။ 💔
ဒါဟာ ပုံပြင်မဟုတ်ပါဘူး။ ဥပဒေ၏ အရှိတရားကို မီးမောင်းထိုးပြနေသည့် တကယ့်ဖြစ်ရပ်မှန် စီရင်ထုံးတစ်ခု ဖြစ်ပါသည်။📜✨
📌 လေလံစင်မြင့်ထက်က ဝမ်းနည်းဖွယ်နိဂုံး📝
မြန်မာပြည် အောက်ပိုင်း မြို့တစ်မြို့ရှိ ထင်ရှားသော "ဧည့်ရိပ်မွန်" ပိုင်ရှင်များသည် စီးပွားရေး အလှည့်အပြောင်းကြောင့် ဘဏ်တွင် ပစ္စည်းပေါင်နှံခဲ့ရသည်။ ကံမကောင်းစွာဖြင့် အကြွေးမဆပ်နိုင်သည့်အခါ တရားရုံးက အပေါင်ဒီကရီအရ ထိုရိပ်မွန်ကို လေလံတင်ခဲ့သည်။
လေလံအောင်သည့်နေ့: ၁၇-၈-၀၆ (ကျပ်သိန်း ၁၂၀၀ ဖြင့်) 💰
ပြန်လည်လျှောက်ထားသည့်နေ့: ၂၀-၉-၀၆ (၃၃ ရက်မြောက်နေ့) 🕜
ပိုင်ရှင်များက "လေလံကို ပယ်ဖျက်ပေးပါ၊ ပေးရန်ရှိသည်များကို အကုန်သွင်းပြီး ပြန်ရွေးပါရစေ" ဟု တရားရုံးချုပ်အထိ အဆင့်ဆင့် တိုက်ပွဲဝင်ခဲ့သော်လည်း ဥပဒေ၏ အေးစက်သော စီရင်ချက်က သူတို့ကို စောင့်ကြိုနေခဲ့ပါသည်။
⚖️
၁။ ⏰ တစ်ရက်သည် တစ်သက်စာ ဆုံးရှုံးမှု ဖြစ်နိုင်သည်
လေလံတင်ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်ထားရာတွင် ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၁၆၆ အရ ရက်ပေါင်း ၃၀ အတွင်း အမီလျှောက်ထားရမည် ဖြစ်သည်။ တရားရုံးချုပ်က ရှေးယခင်စီရင်ထုံး (6 Rangoon 498) ကို ကိုးကားလျက် ပြတ်သားစွာ မိန့်ကြားခဲ့သည်မှာ -
"A day's delay... cannot be disregarded (လျှောက်လွှာတင်ရန် တစ်ရက်ကလေး နောက်ကျခြင်းကိုပင် ဥပဒေအရ လျစ်လျူရှု၍ မရနိုင်)" 🚫
၃ ရက်မျှ နောက်ကျခြင်းသည် ဥပဒေရှေ့မှောက်တွင် မိမိ၏ အခွင့်အရေးကို ထာဝရ ဆုံးရှုံးစေရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သွားခဲ့ရပါသည်။
၂။ 💰 "စကားလုံး" ထက် "လက်တွေ့အလုပ်" ကိုသာ ဥပဒေက ကြည့်သည်
တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃ (၂) အရ အပေါင်ပစ္စည်း ပြန်ရွေးချင်လျှင် "ငွေသွင်းပါရစေ" ဟု အရင်လျှောက်ထားရုံဖြင့် မလုံလောက်ပါ။ ဒီကရီကျငွေ၊ တရားစရိတ်နှင့် လေလံအောင်သူအတွက် နစ်နာကြေး ၅% ကို တရားရုံးသို့ အရင်ဦးဆုံး လက်ရောက်ပေးသွင်းပြီးမှသာ "လေလံပယ်ဖျက်ပေးပါ" ဟု လျှောက်ထားရမည် ဖြစ်သည်။ ငွေမသွင်းဘဲ စာရွက်ပေါ်တွင် လျှောက်နေခြင်းသည် ရေပေါ်မှာ ရုပ်ပုံရေးသကဲ့သို့ အကျိုးမဲ့လှပါသည်။ 💵🏛️
💡 ဥပဒေကပေးသော သင်ခန်းစာ ✨
"ဥပဒေဆိုသည်မှာ နိုးကြားသူတို့ကိုသာ ကာကွယ်ပေးတတ်ပြီး၊ အိပ်ပျော်နေသူတို့ကိုမူ ကာကွယ်ခြင်းမပြု" ဟူသော လက်သုံးစကားသည် ဤအမှုတွင် အသက်ဝင်လှသည်။
သင့်တွင် ရပိုင်ခွင့်များ ရှိနေနိုင်သော်လည်း ထိုရပိုင်ခွင့်ကို အသုံးချရန် "မှန်ကန်သော အချိန် (Time)" နှင့် "မှန်ကန်သော နည်းလမ်း (Procedure)" တို့ မရှိခဲ့လျှင် သိန်းထောင်ချီတန်သော ပိုင်ဆိုင်မှုများသည်လည်း လေထဲမှ ရုပ်အိမ်ကဲ့သို့ ပျက်စီးသွားနိုင်ကြောင်း ဤစီရင်ထုံးက သတိပေးနေပါသည်။ မိမိ၏ ရပိုင်ခွင့်ကို ကာကွယ်ရန် ဥပဒေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုအပ်လှပါသည်။ 🌬️🏠
📖 အကိုးအကား (Reference):
🔹 ၂၀၀၇ ခုနှစ်၊ တရားမအထူးအယူခံမှုအမှတ် ၂၂
🔹 တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၈၉
🔹 တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃ (၂) ခြွင်းချက်
🔹 ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၁၆၆
မိမိတို့၏ ပိုင်ဆိုင်မှုများကို ဥပဒေနှင့်အညီ မှန်ကန်စွာ ကာကွယ်နိုင်ကြပါစေ။ ဗဟုသုတအဖြစ် Share ပေးနိုင်ပါတယ်ခင်ဗျာ။ 🔄⚖️
#ဥပဒေဗဟုသုတ #စီရင်ထုံး #အပေါင်ပစ္စည်း #လေလံ #သုတရသ #ဒီကရီကျငွေ
15/01/2026
ဟန်ဆောင်စာချုပ်ကြောင့် ဆုံးရှုံးသွားသော သိန်းရာချီသည့်ချေးငွေများ
အမှု၏ အကျဉ်းချုပ်-
------------------------
👱♀️တရားလို (ဒေါ်ညွန့်ကြည်) က အိမ်နဲ့မြေ ဝယ်ဖို့ စရန်ငွေ ၁၆၀ သိန်း ပေးထားတယ်။ ရောင်းသူက စာချုပ်အတိုင်း မလုပ်ပေးလို့ စရန်ငွေရဲ့ နှစ်ဆ (၃၂၀ သိန်း) ပြန်ရလိုမှု နဲ့ တရားစွဲပါတယ်။
🙅♂️တရားရှုံး (ဒေါ်မြမြစန်း ပါ ၂) က ဒါဟာ တကယ်အရောင်းအဝယ်လုပ်တာ မဟုတ်ဘူး။ ပိုက်ဆံ (၁၂၀ သိန်း) ချေးထားလို့ အာမခံအနေနဲ့ ဟန်ဆောင်စာချုပ်ချုပ်ထားတာ။ စရန်ငွေလည်း တစ်ပြားမှ မရခဲ့ဘူး" လို့ ထုချေပါတယ်။
⚖️ တရားရုံးအဆင့်ဆင့်၏ ဆုံးဖြတ်ချက်
------------------------------------------------
၁။ ခရိုင်တရားရုံး (မူလရုံး) က တရားလိုဘက်ကို အနိုင်ပေးပြီး စရန်ငွေနဲ့ လျော်ကြေး သိန်း ၂၀၀ ပေးစေလို့ အမိန့်ချပါတယ်။
၂။ တိုင်းဒေသကြီးတရားလွှတ်တော်: အရောင်းအဝယ်စာချုပ်ဟာ ဟန်ဆောင်စာချုပ် ဖြစ်လို့ ပျက်ပြယ်တယ်" လို့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ တရားရှုံးက ၁၂၀ သိန်း ချေးထားတယ်လို့ ဝန်ခံထားတဲ့ အတွက် တရားမကျင့်ထုံးဥပဒေ အမိန့် ၁၂၊ နည်းဥပဒေ ၆ အရ "ဝန်ခံချက်အရ" ၁၂၀ သိန်းကို တရားလို အား ပြန်ပေးစေလို့ အမိန့်ပြင်လိုက်ပါတယ်။
၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် (နောက်ဆုံးအဆင့်) က တိုင်းတရားလွှတ်တော်ရဲ့ အမိန့်ကို ပယ်ဖျက်ပြီး တရားလို၏ အမှုကို လုံးဝ (လုံးဝ) ပလပ် (Dismiss) လိုက်ပါတယ်။
________________________________________
💡 ဤစီရင်ထုံး၏ အရေးကြီးသော ဥပဒေသ
-------------------------------------------------
၁။ အမှုအမျိုးအစား မတူလျှင် ဒီကရီချပေး၍မရပါ "အရောင်းအဝယ် စရန်ငွေပြန်ရလိုမှု" နှင့် "ချေးငွေပြန်ရလိုမှု" သည် ဥပဒေအရ အကြောင်းခြင်းရာ လုံးဝမတူပါ။ တရားလိုက အရောင်းအဝယ် အမှုအဖြစ် စွဲဆိုထားပြီးမှ အမှုထဲတွင် ချေးငွေဖြစ်ကြောင်း ပေါ်ပေါက်လာရုံဖြင့် ထိုချေးငွေအတွက် အနိုင်ဒီကရီ ချပေး၍ မရပါ။
၂။ ဝန်ခံချက် (Admission) ၏ အကန့်အသတ် တရားမကျင့်ထုံး အမိန့် ၁၂၊ နည်းဥပဒေ ၆ အရ "ဝန်ခံချက်အရ ဒီကရီချမှတ်ပေးခြင်း" ဆိုသည်မှာ စွဲဆိုထားသော အမှု၏ အကြောင်းခြင်းရာပေါ်တွင် ဝန်ခံမှသာ အကျုံးဝင်ပါသည်။ အရောင်းအဝယ်အမှုတွင် "ချေးထားတာပါ" ဟု ဝန်ခံခြင်းသည် အမှု၏ အခြေခံအကြောင်းရင်းကို ငြင်းဆိုခြင်းဖြစ်သဖြင့် ထိုဝန်ခံချက်အပေါ် မူတည်၍ အနိုင်ပေး၍ မရနိုင်ပါ။
၃။ ဟန်ဆောင်စာချုပ်၏ အကျိုးဆက် အမှန်တကယ် ချေးငွေဖြစ်ပါလျက် အိမ်ခြံမြေ အရောင်း အဝယ်စာချုပ်အဖြစ် ဟန်ဆောင်ချုပ်ဆိုခြင်းသည် ဥပဒေရှေ့မှောက်တွင် အကာအကွယ်မရနိုင်ပါ။ စာချုပ်သည် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း ပေါ်ပေါက်ပါက ထိုစာချုပ်မှာ အစကတည်းက ပျက်ပြယ် ပါသည်။
________________________________________
✅ လူထုအတွက် သင်ခန်းစာ
✍️ချေးငွေကို အရောင်းအဝယ်စာချုပ်ဖြင့် မချုပ်ပါနှင့်: ပိုက်ဆံချေးလျှင် ချေးငွေစာချုပ် (သို့မဟုတ်) အပေါင်စာချုပ်ကိုသာ တရားဝင်ချုပ်ဆိုပါ။
✍️အမှုစွဲလျှင် တိကျပါစေ: မိမိရလိုသည်မှာ "ချေးငွေ" လား "စရန်ငွေ" လား ဆိုသည်ကို အစကတည်းက မှန်ကန်စွာ စွဲဆိုရပါမည်။ အရောင်းအဝယ်အမှုအဖြစ် စွဲဆိုပြီးမှ ချေးငွေအဖြစ် အနိုင်ရလို၍ မရနိုင်ကြောင်း သတိပြုရန် ဖြစ်ပါသည်။
👩🦳နိဂုံးချုပ်: တရားလိုသည် ချေးငွေ ၁၂၀ သိန်း တကယ်ရရန် ရှိနေသော်လည်း "အရောင်းအဝယ်အမှု" အဖြစ် မှားယွင်းစွဲဆိုခဲ့ခြင်းနှင့် စာချုပ်မှာ ဟန်ဆောင်ဖြစ်နေခြင်းတို့ကြောင့် နောက်ဆုံးတွင် တစ်ပြားမှ မရဘဲ အမှုရှုံးသွားခြင်း ဖြစ်ပါသည်။
✍️စီရင်ထုံးအညွှန်း - ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ (၁၇-၃၈)
အထက်ပါစီရင်ထုံးအား အကျဥ်းချုပ်ပြီး လူအများအလွယ်ဖတ်ရှုသိရှိနိုင်ရန်အတွက် ရေးသားပေးခြင်းဖြစ်ပါကြောင်း။
AKL
08/01/2026
2/2026
04/01/2026
💞ယခင်ကထက် လိုအပ်ချက်တွေပိုများလာတဲ့ နိုင်ငံခြားသားနဲ့ မြန်မာအမျိုးသမီး ထိမ်းမြားလက်ထပ် ကျမ်းကျိန်လွှာ။ 💞
✍️သက်ဆိုင်ရာနိုင်ငံသံရုံးထောက်ခံချက်ရဖို့ ဘယ်လိုဆောင်ရွက်ရမလဲ။ ဒီအချက်က လက်ထပ်ဖို့ရန်အတွက် အဓိကလိုအပ်ချက်ပါ။ ဒါနဲ့ပတ်သက်လို့ သိချင်တာရှိရင် free ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Oval Legal Consultancy & Translation Company Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.